ပေါက်တောပြင်ကျေးရွာကို တပ်မတော်စစ်ကြောင်းမှ ဝင်ရောက်ပြီး ခြိမ်းခြောက်ပြောဆိုမှုများ ရှိကြောင်းဆို

ပေါက်တောပြင်ကျေးရွာကို တပ်မတော်စစ်ကြောင်းမှ ဝင်ရောက်ပြီး ခြိမ်းခြောက်ပြောဆိုမှုများ ရှိကြောင်းဆို
by -
အောင်ထိန်

ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့နယ် ပေါက်တောပြင်ကျေးရွာအတွင်း တပ်မတော်စစ်ကြောင်းတစ်ခုက ဝင်ရောက် နေသဖြင့် ကျေးရွာသားများမှာ ကြောက်လန့်ထွက်ပြေးနေကြသည်ဟု ဒေသခံများထံမှ သိရသည်။

အောက်တိုဘာလ ၁၅ ရက်နေ့က နံနက် ၈ နာရီခန့်က အင်အား(၁၀၀)ခန့်ရှိသည့် တပ်မတော်စစ်ကြောင်းတစ်ခုသည် ပေါက်တောပြင်ကျေးရွာအတွင်း ဝင်ရောက်ကာ ၎င်းကျေးရွာမှ သုံးဘီးဆိုင်ကယ်သမားတစ်ဦးအား ရိက္ခာများဝယ်ယူခိုင်းကြောင်း သိရသည်။

ထို့အပြင် ကျေးရွာအတွင်းမှ မိန်းမတချို့ကိုခေါ်ယူပြီး သုံးဘီးဆိုင်ကယ်သမားအိမ်တွင် ခေါ်ယူလူစုထားကာ ရိက္ခာသွားဝယ်သူ ပြန်မလာလျှင် အားလုံးကိုမီးရှို့မည်ဟု ခြိမ်းခြောက်ပြောဆိုသည်ဟု သုံးဘီးဆိုင်ကယ်သမား ကိုအောင်ဆန်းမိုးက ပြောသည်။

“ကျနော့်ကို ရိက္ခာဝယ်ခိုင်းတယ်။ မြောက်ဦးသွားပြီး အရက်၊ ငါးခြောက်၊ ဆီ၊ ဆား၊ ငရုပ် အဲဒါတွေကို ဝယ်ခိုင်းတယ်။ ကျနော်ဈေးသွားဝယ်တဲ့အချိန် နည်းနည်းကြာသွားတယ်။ အဲဒီမှာ ရွာမှာကျန်နေတဲ့ မိန်းကလေးတွေကို ခေါ်ယူလူစုထားပြီး ကျနော်ပြန်မလာရင် အကုန်လုံးကိုမီးရှို့ပစ်မှာဆိုပြီး ခြိမ်းခြောက်ပြောဆိုတယ်တဲ့” ဟု ၎င်းကပြောသည်။

အဆိုပါ တပ်မတော်စစ်ကြောင်းသည် ပေါက်တောပြင်ကျေးရွာအတွင်း လက်ရှိအချိန်ထိရှိနေပြီး ကျေးအတွင်းရှိ ကုန်စုံဆိုင်များကို ဖေါက်ထွင်းစားသောက်မှုများ ပြုလုပ်နေသည့်အပြင် ကျေးရွာအတွင်း လိုအပ်သလို ယူဆောင် စားသောက်နေကြောင်း ကိုအောင်ဆန်းမိုးက ပြောသည်။

“တပ်မတော်က ခေါ်ယူထားတဲ့မိန်းမတွေကို ပြန်လွှတ်လိုက်တယ်။ သူတို့က အရက်တွေမူးပြီး ရွာမှာရှိတဲ့ဆိုင်ကိုဖေါက်လို့ လိုအပ်တာ ယူစားနေကြတယ်။ ကြက်တွေကို သတ်စားတယ်။ ရွာထဲမှာ သူတို့လုပ်ချင်သလို လုပ်နေကြတယ်”ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ တပ်မတော်စစ်ကြောင်းမှ ကျေးရွာအတွင်း ဝင်ရောက်နေထိုင်စားသောက်မှုများရှိသည်ဟု ပြောဆိုချက်အပေါ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက “ကိုယ့်ပြည်နယ် အေးဆေးဖြစ်ဖို့အတွက် တပ်ကလာတာကို ပေးတောင်ပေးရမှာ။ အေအေကျတော့ သွားပြီးတော့ ဆန်တွေပို့လိုက်၊ ဆီတွေပို့လိုက်၊ ဝက်တွေပို့လိုက်၊ နွားတွေပို့လိုက် အဲဒါကျတော့ ဘာမှမပြောဘူး” ဟု ပြောသည်။

ပေါက်တောပြင်ကျေးရွာသည် အိမ်ခြေ ၄၀၀ ခန့်ရှိပြီး ကျေးရွာအတွင်း တပ်မတော်စစ်ကြောင်းက ဝင်ရောက်နေသဖြင့် ကျေးရွာသားများမှာ နီးစပ်ရာဆွေမျိုးများရှိရာ ကျေးရွာများနှင့် စစ်ဘေးရှောင်စခန်းများသို့ ထွက်ပြေး တိမ်းရှောင်သွားကြသည်ဟု သိရသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာသည့် စစ်ဘေးဒုက္ခသည်များကလည်း တပ်မတော်စစ်ကြောင်းများသည် ယခင်ကလည်း ကျေးရွာများအတွင်းဝင်ရောက်ပြီး ယခုကဲ့သို့ နေထိုင်စားသောက်မှုများရှိခဲ့ကြောင်း ပြောဆိုကြသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...