‘‘ ဓာတ်ငွေ့သန့်စင်စက်ရုံတည်ဆောက်တဲ့အခါ စက်ယန္တရားနဲ့ တောင်ကို ကုတ်လိုက် ကန်တူးလိုက်နဲ့ လုပ်ထား တဲ့ ရွှံ့ခဲတွေ ကျောက်တွေဟာ လယ်မြေထဲကို ဆင်းလာပြီးတော့ ပျက်စီးသွားတာကိုတွေ့ရတယ်။ ဒီမြေယာတွေကို လယ်ပြန်လုပ်ဖို့ အတွက် မလွယ်ကူတော့ဘူး။ တော်တော် ပျက်စီးသွားပြီလို့ မြင်ခဲ့တယ်။ ဒေသခံတွေပြောပြတာက ဒီရွှံ့မြေတွေဟာ စက်ရုံနဲ့ တစ်မိုင်ကျော်လောက်အကွာအဝေးကိုတောင် ရောက်သွားတယ်လို့ ဆိုတယ်။ ဒီဟာကို ပြန်လည်ဖြေရှင်းပေးဖို့အတွက် ပြည်ထောင်စု အစိုးရကို တိုက်တွန်းသွားမယ်။ ဒီမြေယာပြသနာလောက်ကို မဖြေရှင်းနိုင်ရင် အထူးစီးပွားရေးဇုန်အတွက်လည်း ပိုဆိုး လာနိုင်တယ်ဆိုတာကို တရုတ်သံအမတ်ကြီးကို စာရေးပြီးတောင်းဆိုသွားပါမယ်’’ဟု ဦးဘရှိန်ကပြောသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုစံတို့သည် ဇန်နဝါရီလ(၁၂)ရက်နေ့ က နံနက်ပိုင်းက တရုတ်ဓာတ်ငွေ့ သန့်စင် စက်ရုံကြောင့် ပျက်စီးနေသောမြေယာကို သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့သည်။
၎င်းမြေယာကိစ္စနှင့်ပတ်သက်ပြီး ဇန်နဝါရီလ(၈)ရက်နေ့က စစ်တွေမြို့၊ ပြည်သူသယံဇာတရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် (၁၀)ရက်အတွင်း မဖြေရှင်းပေးရင် တရားစွဲဆိုသွားမည်ဟု မြေယာပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်ကြကြည်နှင်းကပြောကြားခဲ့သည်။
‘‘လွှတ်တော်အမတ်တွေလာရောက်ကွင်းဆင်းစစ်ဆေးပြီး ပြည်ထောင်စုအစိုးရနဲ့ တရုတ် သံအမတ်ကို တိုက်တွန်းတောင်းဆိုမယ်လို့ပြော တယ်။ ပြည်နယ်လွှတ်တော်အမတ် ဦးကျော်လွင်လည်းလာရောက်ပြီးတော့ ကွင်းဆင်းစစ်ဆေးကာ ပြည်နယ်လွှတ်တော်ကို
တင်သွင်းမည်မယ်လို့ ပြောကြားထားတယ်။ ဒါကြောင့် တရားစွဲဆို ရန် ပြင်ဆင်မှုကို ရပ်တန့်ထားယ်’’ ဟုဒေါ်ကြည်ကြည်နှင်း ကပြောသည်။
ဓာတ်ငွေ့သန့်စင်စက်ရုံကြောင့် ဖြေရှင်းပေးရန် ပျက်စီးမြေယာ(၁၈.၀၃)ဧကဖြစ်ပြီး မလကျွန်း၊ ဂုံးချိန်နှင့် အုန်းတောမှ ဒေသခံ(၂၁)ဦးတို့ပိုင်ဆိုင်သော မြေယာဖြစ်ကြောင်းသိရသည်။ ထိုပျက်စီးမြေယာကိုဖြေရှင်းပေးရန် တရုတ်ကုမ္ပဏီ CNPCကို (၃)ကြိမ် ဆန္ဒပြခဲ့ပြီး ဖြစ်သည်။







