ပြုပြင်ပြောင်းလဲရေးမှာ စိန်ခေါ်မှုများ ကြံုတွေ့နေဟု သမ္မတ ပြော

ပြုပြင်ပြောင်းလဲရေးမှာ စိန်ခေါ်မှုများ ကြံုတွေ့နေဟု သမ္မတ ပြော
by -
မဇ္ဈိမ
 ကောင်းမွန်သည့် အုပ်ချုပ်ရေး စနစ်တစ်ရပ်သို့ ပြောင်းလဲရာတွင် အခက်အခဲနှင့် စိန်ခေါ်မှုများ ကြံုတွေ့နေရသည်ဟု သမ္မတ ဦးသိန်းစိန်က ဆိုလိုက်ပြီး အောင်မြင်အောင် ဆောင်ရွက်ကြရန် မေလ ၂၃ ရက် နေပြည်တော် မြန်မာကွန်ဗင်းရှင်းစင်တာ တွင် ပြုလုပ်သည့် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု မူဘောင်ရေးဆွဲရေးဆိုင်ရာ အကြံပြု အလုပ်ရုံ ဆွေးနွေးပွဲတွင် တိုက်တွန်းလိုက်သည်။

 “ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် တစ်ရပ်သို့ ကူးပြောင်းမှုဟာ ကျယ်ပြန့်နက်ရှိုင်းပြီး နူးညံ့သိမ်မွေ့တဲ့အတွက်ကြောင့် အသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ်မှာရှိတဲ့ တခြားနိုင်ငံများလိုပဲ၊ အခက်အခဲ စိန်ခေါ်မှုများနဲ့ ကြံုတွေ့နေရပါတယ်။ ဒါပေမယ့် ဒီလို အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အောင်မြင်အောင် ဆောင်ရွက် မှာဖြစ်ပြီး နောက်ကြောင်း ပြန်လှည့်မှာလည်း မဟုတ်ပါကြောင်း ပြောကြားလိုပါတယ်" ဟု သမ္မတ ဦးသိန်းစိန်က ပြောသည်။

ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ပေါ်ပေါက်လာစေရေးအတွက် ပြည်သူ့အကျိုးဆောင်ရွက်ပေးလျက်ရှိသော အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများသည် ပွင့်လင်းမြင်သာမှုရှိပြီး တာဝန်ခံမှုရှိရန်လည်း သမ္မတက တိုက်တွန်းသည်။

ထို့အပြင် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည့် ဗဟိုဦးစီးစနစ် လျှော့ချခြင်း၊ ပြည်နယ်တိုင်း ဒေသကြီးများသို့ ဘတ်ဂျက်များ ပိုမိုခွဲဝေချထားပေးခြင်း၊ လုပ်ပိုင်ခွင့်အာဏာ ခွဲဝေပေးခြင်း၊ ၀န်ကြီးဌာနအဆင့်ဆင့်ကြား ပေါင်းစပ်ညှိနှိုင်းပေးမှုတို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။

"အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာ ပြည်သူများရဲ့ဆန္ဒ လိုအပ်ချက် မျှော်လင့်ချက်များဟာ အလွန်များပြားပါတယ်။ လိုအပ်ချက်အားလုံးကို ပြည့်မီအောင် လုပ်ဆောင်ဖို့ဆိုတာလည်း အစိုးရသက်တမ်းတစ်ခုနဲ့ ဘယ်လိုမှ မဖြစ်နိုင်တာကိုလည်း ကြွရောက်လာသူများ အားလုံးလည်း သိပြီးဖြစ်ပါတယ်” ဟု နိုင်ငံတော် သမ္မတက ပြောသည်။

အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းသည် ရေရှည် အစဉ်အဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် တစ်ခုဖြစ်ပြီး တိုင်းပြည်နှင့် ပြည်သူများအတွက် ခိုင်မာသော အုတ်မြစ်ကောင်းတစ်ခု လိုအပ်လျက်ရှိသည်ဟု ဆိုသည်။ နိုင်ငံတော်၏ ရည်မှန်းချက်များ အစိုးရအဖွဲ့ အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ဖော်ပြထားသည့် မဟာဗျူဟာ မှတ်တမ်းအဖြစ် နောင် လာမည့် အစိုးရများထံသို့ လက်ဆင့်ကမ်းနိုင်မည့် အမွေတစ်ခုလည်းဖြစ်သည်ဟု ဆိုသည်။

အစိုးရအဖွဲ့၏ ကျန်ရှိသက်တမ်းအတွင်း နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားအတွက် ရေရှည်ခိုင်မာမည့် အခြေခံ အုတ်မြစ်ကောင်းများ ချမှတ်ပေးရန်လည်း သမ္မတက တိုက်တွန်းသည်။

“မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကို ပါ၀င်ကူညီ ဆောင်ရွက်ပေးခြင်းဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်ကို အောင်မြင်အောင် ဖော်ဆောင်ပေးခြင်း ဖြစ်ပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ပြောသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...