ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ တရားဝင် ပြန်စရေး အပစ်ရပ်တိုင်းရင်းသားအဖွဲ့များ မူအားဖြင့် သဘောတူ

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ တရားဝင် ပြန်စရေး အပစ်ရပ်တိုင်းရင်းသားအဖွဲ့များ မူအားဖြင့် သဘောတူ

အစိုးရ၊တပ်မတော်တို့နှင့် တစ်ဆို့နေသည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများကို တရားဝင် ပြည်လည်စတင်ရန် NCA အပစ်ရပ် လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲအစည်းများက မူအားဖြင့် သဘောတူ လိုက်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၃ ရက်ကြာ ကျင်းပြုလုပ်ခဲ့သည့် NCA အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်း အဝေးက ဆုံး ဖြတ်ခဲ့ကြခြင်းဖြစ်သည်။

အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းငင်း က “အခုသိတယ်လေ တစ်ဆို့မှုတွေရှိတယ်လေ။ အဲဒီတစ်ဆို့မှုတွေ အရင်ရှင်းမယ် ရှင်းပြီးမှ ခုနကျနော်ပြောသလို တစ်ဆင့်ပြီးတစ်ဆင့် တရားဝင်လမ်းကြောင်းကလား အလွတ်သဘောလမ်းကြောင်းကလား အဆင်ပြေတယ် အားလုံးက လက်ခံနိုင်တဲ့ အခင်းအကျင်း ရှိတယ် အဖြေရလောက်တယ်ဆိုမှ ခုနပြောသလို ၂၁ ပင်လုံကို ဆက်လက် ကျင်းပဖို့ ရှိပါတယ်” ဟုပြောသည်။

တစ်ဆို့နေသည့် ကိစ္စရပ်များကို ဖြေရှင်းရန် PPST က ဖွဲ့စည်းထားသည့် တွေ့ဆုံညှိနှိုင်းရေးအဖွဲ့ နှင့် အစိုးရဖက်မှ တွေ့ဆုံညှိနှိုင်းသည့် အဖွဲ့များနှင့် အကြေအလည် ဆွေးနွေးသွားမည်ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ဆက်ပြောသည်။

“ဟိုဖက်မှာလည်း ဖွဲ့စည်းထားတဲ့ ညှိနှိုင်းရေး အဖွဲ့ရှိတယ်။ ကျနော်တို့ဖက်မှာလည်း ဖွဲ့စည်းထားတဲ့ ညှိနှိုင်းရေး အဖွဲ့ရှိတယ် အဲဒီ ၂ ဖွဲ့တွေ့ဆုံပြီးမှ အဲလိုဖက်ဒရယ်ရေးရာ ကိစ္စလား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကိစ္စလား ပစ်ခတ် တိုက်ခိုက်မှု ခိုင်မာရေးကိစ္စလား အဲဒါတွေကို ကျနော်တို့က အကြေအလည်ဆွေးနွေးရမှာ”

PPST အစည်းအဝေးအပြီး ထုတ်ပြန်ချက်ထဲတွင်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးJICM ကျင်းပရန် မူအားဖြင့် သဘောတူပြီး PPST မှ ဖွဲ့စည်းပေးသည့် ညှိနှိုင်းရေးအဖွဲ့မှ JICM ကျင်းပရေးအတွက် အစိုးရကိုယ်စားလှယ် အဖွဲ့နှင့် ဆက်လက်ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်သည်။ ထိုဆွေးနွေးပွဲမှ ရလာသည့် ရလာဒ်ပေါ်မူတည်ပြီး JICM ကျင်းပ သွားရန် PPST မှ ဆုံးဖြတ်ချက် ချမှတ်သွားမည် ဖြစ်သည်ဟု ပါရှိသည်။

ဗိုလ်မှူးကြီးစိုင်းငင်းက “JICM အစည်းအဝေးလုပ်ဖို့လည်း ကြိုတင်ပြင်ဆင်တဲ့ အကြို ညှိနှိုင်းတဲ့ အစည်းအဝေး လေး ကျနော်တို့ လုပ်မယ် အဲမှာ ကျနော်တို့ ဆွေးနွေးလိုတဲ့ အကြောင်းအရာလေးတွေ ကျနော်တို့ ညှိကြမယ်။ အဲဒါမှ အဆင်ပြေတယ် ဆိုတာနဲ့ ရက်သတ်မှတ်မယ် အမြန်ဆုံးပေါ့နော အဲဒါသတ်မှတ်ပြီးမှ ခုနပြောသလို တစ်ဆင့်ပြီးတစ်ဆင့်ပေါ့ ဆက် လက်ပြီးတော့ ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟုပြောသည်။

ထို့အပြင် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့သည့် ၄ နှစ်ပြည့် နှစ်ပတ်လည်နေ့ကို တိုင်းပြည်၏ ရေရှည်တည် တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် အရေးကြီးသော သမိုင်း မှတ်တိုင်အဖြစ် လေးနက်စွာ အသိအမှတ်ပြုကြိုဆိုပြီး နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုများမှ တစ်ဆင့်NCA ကို တစ်စိုက်မတ်မတ် အကောင်အ ထည်ဖော်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

ထို့ကြောင့် NCA ၄ နှစ်ပြည့် အခမ်းအနား ကျင်းပရေးအတွက် NCA-S EAO ၏ အခမ်းအနား ပူးတွဲကျင်းပရေး ကိုယ်စား လှယ်အဖွဲ့ကို PPST အစည်းအဝေးမှ ဖွဲ့စည်းထားပေခဲ့သည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

လက်ရှိ နိုင်ငံရေး ဆွေးနွေးမှုများကို တစ်ဆို့စေသည့် အဓိက အကြောင်းအရာများမှာ ခွဲမထွက်ရသတ်မှတ်ချက်နှင့် တစ်ခု တည်းသော တပ်မတော် ဖွဲ့စည်းရေးတို့ကြောင့်ဖြစ်သည် ဟု PPST က ပြောသည်။

ဒုတိယအကြိမ် ကျင်းပပြုလုပ်ခဲ့သည့် ၂၁ ရာစု ပင်လုံညီ လာခံ အစည်းအဝေးနောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများမှာ တစ်ဆို့မှုများ ရှိလာသည့်အတွက် အစိုးရနှင့် တိုင်းရင်းသား လက်ကိုင် အဖွဲ့အ စည်းများ၏ တရားဝင်တွေ့ဆုံမှုလမ်းကြောင်းများမှာလည်း ရပ်တန့်သွားခဲ့သည်။

လက်ရှိတွင် တစ်ဆို့မှုများကို ကျော်လွှားရန်အတွက် နှစ်ဖက် ဆွေးနွေးဖက်များအနေဖြင့် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှု ပြန်လည်အသက်ဝင်လာသည့်အတွက် တွေ့ဆုံဆွေးနွေးသည့်လမ်းစများလည်း ပွင့်လာသည်ဟု PPST ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေး က ပြောသည်။

“ဒီကျနော်တို့ ၂ ဖက်အဆိုပြုချက်က ပြန်ညှိလိုက်မယ်ဆိုရင် အခုနောက်ဆုံးတော့ ကျနော်တို့ ဖြစ်ချင်တဲ့ဟာရယ် ဒီအစိုးရ ကိုယ်စားလှယ်ဖြစ်ချင်တဲ့ဟာရယ် ကျနော်တို့ ညှိနှိုင်းရေးအဖွဲ့ဖွဲ့တယ် ဒါကို ကျနော်တို့ မကြာခင်မှာ အစိုးရ ညှိနှိုင်းရေးအဖွဲ့နဲ့ ကျနော်တို့တွေ့မယ် ဒီ ၂ ခုရဲ့ ရလာဒ်ပေါ်မှာ မူတည်ပြီးတော့ ဒီတစ်ဆို့မှုကို ဖြေအောင် လမ်းစတစ်ခုတော့ တွေ့ပြီ ဒီလမ်းစပွင့်မှုမှာ ကျနော်ထင်တယ် ၂ ဖွဲ့စလုံးက ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာ သဘောထား တည့်တည့် မတ်မတ် ရှိတဲ့အခါ ကျရင် ဒါရှေ့ဆက်သွားလို့ရမှာပေါ့နော” ဟုပြောသည်။

ထို့အပြင် PPST အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် NCA မထိုးရသေးသော ညီနောင်တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်လာရေးကိုလည်း ၎င်းတို့မှ ဦးတည်ကြိုးပမ်းသွားမည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများကို အမြန်ဆုံး ရပ် ဆိုင်းပြီး ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းနိုင်ရန် ကြိုးပမ်းစေလိုကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးကို PPST က တိုက်တွန်း ထားသည်။

“ဒီအခုလောလောဆယ် ဖြစ်ပွားနေတဲ့ ဒီရခိုင် နှင့် ရှမ်းမြောက်မှာ စစ်ရှိန်တွေမြှင့်တက်တာကို ကျနော်တို့ ၂ ဖက် ပေါ့နော ဒါကိုလျှော့ချပေးပြီးတော့ ဒီပစ်ခတ်တိုက်ခိုက်မှုတွေလျှော့ချပေးပြီးတော့ နိင်ငံရေး ဆွေးဆွေးပွဲကို အမြန်ဆုံးတက်ရောက်လာပေးဖို့ ဒါလည်း ကျနော်တို့တိုက်တွန်းတာပေါ့နော” ဟု နိုင်အောင်မငေး က ပြောသည်။

NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို အောက်တိုဘာလ ၁၀ ရက်မှ ၁၂ ရက်အထိ ၃ ရက်ကြာ ကျင်းပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ PPST ခေါင်းဆောင်များ၊ ကိုယ်စားလှယ် များ၊ အကြံပေးပုဂ္ဂိုလ်များ၊ နည်းပညာအထောက်အကူပြုများနှင့် ရုံးဝန်ထမ်းများ စုစုပေါင်း ၇၄ ဦး တက်ရောက်ခဲ့ ကြသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ များမှာ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုး သား လွတ် မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့ဖြစ်သည်။

Most read this week

February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...