ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ္မမြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းသည် ဒေသခံများ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများကို ထိခိုက်လာနိုင်သည့်အတွက် လုံး၀ လက်ခံမည် မဟုတ်ပဲ ကန့်ကွက်သွားမည်ဟု ဒေသခံများက ပြောသည်။
နမ္မဒေသခံ စိုင်းသိန်းမြင့်က “သူတို့တကယ်ဆောက်လာမယ်ဆိုရင် ကျနော်တို့ ဒီသစ်ပင်ပေါ့နော်။ အခုဆိုရင် လိမ္မော်ခြံတို့ ကဗ္ဗလာခြံတို့ အလိုမျိုး ရှိတယ်လေ ဒီမြစ်ချောင်းဘေးနားလေးပေါ့နော် အဲဒီခြံတွေလည်း ပျက် ဆီး သွားမှာပဲ ပြီးတော့ ကျနော်တို့ ဒီနမ္မမြစ်ဘေးမှာ နေထိုင်တဲ့ သူတွေလည်း အိမ်တွေဘာတွေလည်း ရွေ့ ရမှာပေါ့နော် သူတို့ရေကာတာကို ဆောက်ပြီးလို့ဆိုရင်တော့ သေချာတယ် အိမ်တွေတော့ လုံး၀ မြုပ် သွားမှာပဲ အိမ်တွေ ရွာတွေ ရေထဲကိုပါသွားမှာ သေချာတာပေါ့” ဟု ပြောသည်။
သီပေါမြို့နယ် ဆိုင်းလျန်ကျေးရွာ အနီးရှိ နမ့်ပေါင်မြစ်နှင့် နမ္မမြစ်တို့ ဆုံရာတွင် ရန်ကုန် အခြေစိုက် Uniengery ကုမ္ပဏီက ရေကာတာ တစ်ခုတည်ဆောက်ရန်ရှိနေသည်။ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကုမ္ပဏီဖက်မှ ရေကာတာ တည်ဆောက်နိုင် ရန်အတွက် ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းရန် သွားရောက်ခဲ့သည်။ သို့ရာတွင် ဒေသခံများဖက်မှ ကုမ္ပဏီ တာဝန် ရှိသူများကို ကျေးရွာအတွင်းသို့ အဝင်မခံပဲ လာရောက်တွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုကို ကန့်ကွက်ကာ ဆန္ဒထုတ် ဖော်ခဲ့ကြသည်။
ဒေသခံတစ်ဦးက “ဘာဖြစ်လို့ မတွေ့ချင်သလဲ ဆိုတော့ သူတို့ ရွာကို ဝင်လာရင် သူတို့ ရေကာတာ ဆောက်ဖို့ လာကြိုးစားဖို့ ပြောပြမှာပဲ ဆိုတာ ကျနော်တို့ သိထားတယ်လေ အဲဒါကြောင့်မို့လို့ ကျနော်တို့ ရေကာတာကို လုံး၀ အလိုမရှိတဲ့အတွက် ကျနော်တို့ လုံးဝကို မတွေ့ချင်ဘူးပေါ့။” ဟုပြောသည်။
“သူတို့ရေကာတာလာ ဆောက်ချင်တယ်ဆိုတော့ ကြာခဲ့ပြီ။ လွန်ခဲ့သော၂ နှစ်ကျော်တုန်းကလည်း သူတိ့ု လာကြည့် ထားတယ် မနှစ်ကလည်းလာတယ် သုံးလေးခါလာတယ်။ သူတို့ရွာသားတွေကို လာတွေ့ ချင်ပြီးတော့ လာရှင်းပြ ချင်တာပေါ့နော်။ ဒီရေကာတာ ဒီဆိုင်းလျှံ နမ္မမြစ်ပေါ်မှာ ရေကာတာ ဆောက်ချင်တဲ့အကြောင်းကို ရွာသူရွာသားတွေဆီ လာရှင်းပြချင်တယ်။ ဒါပေမယ့် ကျနော်တို့ ရွာသူရွာသားတွေ လုံးဝလက်မခံဘူးပေါ့နော်။”
အဆိုပါ ရေကာတာ တည်ဆောက်မည်ဆိုပါက ဒေသခံများ၏ စားဝတ်နေရေးအတွက် မှီခိုအားထားရသည့် သီးနှံခြံများနှင့် နေအိမ်များ ပျက်ဆီးဆုံးရှုံးမည်ကို မလိုလားသည့်အပြင် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ပါ ပျောက်ကွယ်သွားနိုင်သည့်အတွက် ရေကာတာ တည်ဆောက်ရေးကို ကန့်ကွက်ရခြင်းဖြစ်သည်ဟု ဒေသခံ များက ပြောသည်။
သို့ရာတွင် ရှမ်းပြည်နယ် အစိုးရနှင့် ကုမ္ပဏီတို့က ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့တွင်၂၅ မီဂါဝပ် ထွက်ရှိ မည့် နမ္မမြစ်ပေါ် ရေကာတာ တည်ဆောက်နိုင်ရန်အတွက် လေ့လာစမ်းစစ်မှုများ ဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာ MOU ကိုလက်မှတ် ရေးထိုးခဲ့ဲကြသည်။
ကုမ္ပဏီအနေဖြင့် ဆိုင်းလျန်ကျေးရွာ အနီးရှိ နမ့်ပေါင်မြစ်နှင့် နမ္မမြစ်တို့ ဆုံရာတွင် ရေကာတာ တည်ဆောက်ရန် အတွက် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ကတည်းက စတင်ကြိုးစား လာခဲ့သော်လည်း ဒေသခံများဘက်က ရေကာ တာ တည်ဆောက်မှုကို လုံးဝလက်မခံပဲ ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်မှာ ယခုအချိန်ထိဖြစ်သည်။
ထို့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နမ္မတူမြစ် (ခေါ်) မြစ်ငယ်မြစ်၏ ပင်မမြစ်ကြောင်းပေါ်တွင်လည်း အထက် ရဲ့ရွာ ရေကာတာအပါအဝင် ရေကာတာကြီး ၄ ခုကို တည်ဆောက်ရန် အစီအစဉ်ဆွဲထားပြီဖြစ်သည်ဟု သိရ သည်။ သို့ရာတွင် ဒေသခံများက အဆိုပါ ရေကာတာ စီမံကိန်းများကြောင့် ဆုံးရှုံးနစ်နာမှုနှင့် သဘာ၀ ပတ်ဝန်း ကျင်ထိခိုက်လာနိုင်သည့်အတွက် တည်ဆောက်ခြင်း မပြုရန် ကန့်ကွက်နေကြသည်။
လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရေကာတာနှင့် အခြားသော စီမံကိန်း များကို လုပ်ဆောင်ရန်မသင့်သေးကြောင်း၊ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းပြီး စစ်မှန်သည့် ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို ရောက်ရှိမှသာ ယခုကဲ့သို့ စီမံကိန်းများကို စဉ်းစားသင့်ကြောင်း မြစ်ချောင်းစောင့် ကြည့်ရေး အဖွဲ့များနှင့် ရေကာတာအရေး လုပ်ဆောင်သူများက ပြောသည်။







