ကျောက်မဲမြို့နယ်အတွင်း လက်နက်ကြီး အကျန် ပေါက်ကွဲ၊ တစ်ဦးသေ

ကျောက်မဲမြို့နယ်အတွင်း လက်နက်ကြီး အကျန် ပေါက်ကွဲ၊ တစ်ဦးသေ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း လက်နက်ကြီး တစ်လုံး  ပေါက်ကွဲခဲ့သဖြင့် ရွာသား တစ်ဦးသေပြီး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO က ပြောသည်။

အောက်တိုလဘာလ ၈ ရက်နေ့ယမန်နေ့ နံနက် ၉းဝဝ အချိန်တွင် တောင်ပလို့ကျေးရွာမှ ရွာသား ၆ ဦးသည် တော့ဆန်ကျေးရွာအုပ်စု ၊ တောင်ပလို့ကျေးရွာနှင့် မန်းဆန်ကျေးရွာ အကြားရှိ သူတို့၏ လက်ဖက်ခြံအား ပေါင်းသင်ရှင်းလင်းနေစဉ် တိုက်ပွဲဖြစ်ပွားစဉ်က ကျန်ခဲ့သည့် လက်နက်ကြီးကျည် တစ်လုံးကို ထိမိရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု တအာင်းအမျိုးသမီး အဖွဲ့အစည်း TWO မှ လွေးချိဆငါး က ပြောသည်။

“ရွာသားတွေကအလုပ်သွားချိန် မနက် ၉ နာရီချိန်မှာ လက်ဖက်ခြံ သွားရှင်းတာ ရှင်းရင်းနဲ့ အဲဒီမှာ ကျန်ခဲ့ထားတဲ့ လက်နက်ကြီးတစ်လုံးကို သွားထိမိတာ ထိမိတော့ အဲလက်နက်ကြီးက ပေါက်လိုက်တာ ပေါက်ကွဲတော့ ရွာသားစုစုပေါင်း ရှိတာကတော့ ၆ ဦး ဒါပေမယ့် အဲအနီးဆုံး ၂ ဦးကို ထိခိုက်ပြီးတော့ ၁ ဦး ကတော့ အဲဒီနေရာ ပွဲချင်းပြီးသေသွားတယ် နောက် ၁ ဦးကျတော့ ဒဏ်ရာရပြီး လောလောဆယ် ကျောက်မဲဆေး ရုံမှာ ဆေးကုသနေတယ်” ဟုပြောသည်။

တောင်ပလို့ကျေးရွာမှ အသက် ၄၀ အရွယ်ရှိ ကိုဆာအေးမှာ ချက်ချင်းသေဆုံး ခဲ့ပြီး အသက် ၃၀ နှစ်အရွယ် ကိုပန်းစံမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု TWO က ပြောသည်။

လက်ရှိတွင် ကိုပန်စံမှာ ကျောက်မဲပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေပြီး ၎င်းရရှိသည့် ဒဏ်ရာ အခြေ အနေနဲ့ ပတ်သက်၍ လွေးချိဆငါးက ယခုလို ဆက်ပြောသည်။

“ဒဏ်ရာတော့နည်းနည်းများတယ်။ ရင်ဘတ်တို့ ဒီခြေထောက်ရယ် ဝမ်းဗိုက်မှာ အဲလိုမျိုး ထိခိုက်တဲ့ ဒဏ်ရာ အနေအထားတော့ ရှိတယ်။ လော လောဆယ်တော့ ကျောက်မဲဆေးရုံမှာ ဆေးကုနေတယ်။ ခွဲစိတ်ခန်း ဝင်ရမယ့် အနေအထား ရှိမရှိ ဆိုတာ ကတော့ သေချာတော့ မသိရသေးဘူး လောလောဆယ်အထိ သူရဲ့ ပါးဒဏ်ရာတွေ လောက်ပဲ အရင်ဆုံး ကုသနေတယ်” ဟု ပြောသည်။

ယခုလက်နက်ကြီးကျည် ပေါက်ကွဲသည့် ဒေသတွင် ယခင်ကလည်း မိုင်းပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွား လေ့ရှိပြီး အဆိုပါဒေသတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ RCSS/SSA ၊ တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/ TNLA နှင့် မြန်မာ့တပ်မတော်တို့ လှုပ်ရှားနေသည့် ဒေသဖြစ်သည်ဟု သိရသည်။

ယခင် အဆိုပါဒေသတွင် တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ပြီး တိုက်ပွဲနောက်ဆက်တွဲအနေဖြင့် ဒေသခံပြည်သူလူထုများ မှာ လက်နက်ကြီး နှင့် မိုင်းကြောင့်ထိခိုက်သေဆုံးသူ များစွာရှိသူ ဟု TWO က ပြောသည်။

လက်နက်ကိုင် အဖွဲ့အစည်းများ ပေါများသည့်အတွက် ယခုကဲ့သို့ ပေါက်ကွဲမှုများ ဖြစ်ပွားပါက မည်သည့်အဖွဲ့ အစည်း၏ လက်နက်ကြီးကျည်၊ မည်သည့်အဖွဲ့အစည်း၏ မိုင်း အစရှိသည်များကို သိရှိနိုင်ရန် ခက်ခဲသည်ဟု ရွာသားများက ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၉ ခုနှစ်အတွင်း TWO ၏ ကောက်ယူထားသည့် စာရင်းများအရ ကျောက်မဲ၊ ကွတ်ခိုင်၊ သီပေါ နှင့် နမ့်ဆန်မြို့နယ်တို့တွင် မိုင်းပေါက်ကွဲမှုကြောင့် လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရသူ အများ ဆုံးမြို့နယ်များဖြစ်သည်ဟု လွေးချိဆငါးက ပြောသည်။

“မိုင်းပေါက်ကွဲကြောင့် နဲ့ လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူတွေ သေဆုံးသောသူတွေလည်း ၂၀ ကျော်လောက်ရှိမယ်၊ ထိခိုက်ဒဏ်ရာရရှိသောသူတွေကျတော့ ၃၀ ကျော် ၄၀ ဝန်းကျင်လောက်ရှိမယ်။ ကျောက်မဲ မြို့ ၊ ကွက်ခိုင် မြို့၊ သီပေါမြို့၊ နမ့်ဆန်မြို့တွေ အဲဒီ ဒေသတွေမှာ အများဆုံးဖြစ်တယ်၊ ကျန်ဒေသတွေမှာလည်း ရှိပါတယ်၊ နမ္မမြို့တို့၊ မန်တုံတို့ဒီ လက်နက်မိုင်းကြောင်း သေဆုံးတာ ဒဏ်ရာရတာတွေထားရှိပါတယ်”

လက်နက်ကိုင် ပဋိပက္ခပြင်းထန်စွာ ဖြစ်ပွားနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဒေသခံပြည်သူများမှာ မိုင်း ပေါက်ကွဲမှုများအပြင် လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုးကို ခံနေရသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူ များက ပြောသည်။

Most read this week

February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...