လုပ်ကြံခံရသည့် DKBA အရာရှိ စျာပန လက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ လိုက်ပါပို့ဆောင်

လုပ်ကြံခံရသည့် DKBA အရာရှိ စျာပန လက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ လိုက်ပါပို့ဆောင်
by -
နေနော်

ကော့ကရိတ်မြို့၊ နေအိမ်၌ အောက်တိုဘာ ၅ ရက်၊ ညဦးပိုင်းက အမည်မသိသေနတ်သမားတစ်ဦး၏ လုပ်ကြံခံရမှုကြောင့် သေဆုံးခဲ့သော ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA ၉ဝ၉ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဝေ့ထူး၏ စျာပန အခမ်းအနားကို ယနေ့ ပြုလုပ်ခဲ့ရာ ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ လိုက်ပါပို့ဆောင်ခဲ့ကြသည်။

အဆိုပါ DKBA အရာရှိ၏ ရုပ်ကလာပ်အား နေ့လည် ၁ နာရီအချိန်က ၎င်း၏နေအိမ်မှ ကော့နွဲ့ကျေးရွာ သုဿန်ကို ပို့ဆောင်သင်္ဂြိုဟ်ရာသို့ KNU/KNLA-PC မှ ဗိုလ်ချုပ်စောထိန်မောင်၊ စစ်ရေးချုပ်စောနေစိုး မြနှင့် တပ်ဖွဲ့ဝင်များ၊ KNU တပ်မဟာ ၇ မှ ဗိုလ်မှူးကြီး စောဖောဒိုနှင့် တပ်ဖွဲ့ဝင်များ၊ DKBA မှ ဒုစစ်ဦးစီး ချုပ် ဒုဗိုလ်ချုပ်ကြီးစောစတီးလ်နှင့် တပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်တပ်-BGFမှ ဗိုလ်မှူးနိုင်မောင်ဇော် ၊ ဗိုလ်မှူးစောတင်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ ကရင်အမျိုးသားဒီမိုကရက်တစ် ပါတီ(KNDP)ဝင်များ၊ အရပ်ဘက်လူမှုကူညီရေးအသင်းအဖွဲ့များ၊ ၎င်း၏ မိသားစုဝင်များနှင့် မိတ်သင်္ဂဟများ ရာချီ လိုက်ပါ ပို့ဆောင်ခဲ့ကြသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ချောင်းတောင်ရပ်ကွက်၊ ကွက်သစ်(၂)လမ်းနေ DKBA တပ်ဖွဲ့ ၉၀၉ တပ်ရင်းမှူး ဒုဗိုလ်မှုးကြီးစောဝေ့ထူးသည် အောက်တိုဘာ ၅ ရက်နေ့၊ ည ၇း ၃၀ အချိန်ခန့်က နေအိမ်ဧည့်ခန်းတွင် ထိုင်နေစဉ် အမည်မသိ သေနတ်သမားတစ်ဦးက နေအိမ်တွင်းဝင်ရောက်ကာ သေနတ်အ ရှည်ဖြင့် ၈ ချက်ပစ်ရာ စောဝေ့ထူးမှာ ကျည် ၅ ချက်ထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်သည်။

ထိုသို့ သေဆုံးမှုကြောင့် ၎င်း၏ ဇနီးဖြစ်သူ ကော့ကရိတ်မြို့ မရဲ စခန်းတွင် (ပ) ၂၈၇/ ၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အောက်တိုဘာ ၆ ရက်နေ့က အမှုဖွင့်ထားပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် တရားခံမှာ ယနေ့ချိန်ထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။

ဒုဗိုလ်မှူးကြီး စောဝေ့ထူး သေဆုံးချိန်တွင် အသက် ၄၉ နှစ်ရှိပြီး ဇနီး နှင့် သမီး ၂ ဦး၊ သား ၁ဦး ကျန်ရစ်ခဲ့သည်။

Most read this week

December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...
December 9, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာရှိ Shunda Park ငွေလိမ်ခြံဝန်းအတွင်း...