ဘူးသီးတောင်မြို့နယ်၊ စံဂိုးတောင်ကျေးရွာအုပ်စု၊ ဆင်သေပြင်ကျေးရွာမှ မွတ်ဆလင်အမျိုးသားတစ်ဦး အောက်တိုဘာလ (၇)ရက်နေ့၊ညနေပိုင်းက လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသွားသည်ဟု မိသားစုဝင် တစ်ဦးက DMG ကိုပြောသည်။
မာမတ်ဆီဒိတ်ဆိုသူသည် ကျေးရွာအနီး ပုဇွန်ကန်တွင် ငါးရှာနေစဉ် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲ သောကြောင့် သေဆုံးသွားခြင်းဟု ၎င်း၏ အစ်ကို အာဖက်ဆီဒိတ်က ပြောသည်။
“ငါးရှာနေတာပါ။ လက်နက်ကြီးကျည်က သူ့အနီးမှာလာကျတော့ ပွဲချင်းပြီးသေဆုံးသွားတယ်”ဟု ၎င်းက ဆိုသည်။
အဆိုပါ ပစ်ခတ်မှုမှာ မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်ကြောင်းကို မသိရှိရပေ။ လတ်တလောတွင် ယင်း ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားမှုများမရှိဟုလည်း ဒေသခံများက ဆိုကြသည်။ သို့သော် ဘူးသီးတောင်၊ ခမရ(၅၅၁) တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)ကြောင့် တိုက်ပွဲများပြင်းထန်နေပြီး စစ်ရေး ပဋိပက္ခ ကြောင့် သေဆုံးသူ (၈၀)ကျော်ရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူ (၁၂၀)ဦးခန့် ရှိနေကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထံက သိရသည်။







