ဘူးသီးတောင်မြို့မှ ကျည်ထိမှန်ကျောင်းသူ စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူနေရ

ဘူးသီးတောင်မြို့မှ ကျည်ထိမှန်ကျောင်းသူ စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူနေရ
by -
မင်းထွန်း

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ကျေးရွာတွင်  လက်နက်ကြီးကျရောက်ပြီး ကျည်စထိ မှန်ခဲ့သည့် အသက် ၁၄ နှစ်အရွယ် (၈)တန်းကျောင်းသူ မမြသဇင်သည် ယနေ့အောက်တိုဘာလ ၃ ရက် နေ့တွင် စစ်တွေဆေးရုံကြီးသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ကျည်ထိမှန်ခဲ့သည့် ကျောင်းသူကို စေတီတောင်တိုက်နယ်ဆေးရုံကနေ စစ်တွေမြို့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူရန် ဆရာဝန်က ညွန်ကြားလိုက်သည့်အတွက် ရောက်ရှိလာခြင်းဖြစ်သည်ဟု ကျည်စထိမှန်ခဲ့သည့် ကျောင်းသူ၏ မိခင် ဒေါ်လှသိန်းခင်ကပြောသည်။

“ဆရာဝန်က ဆေးထိုးလို့ပေးပါတယ်၊ စစ်တွေကို ဖြစ်အောင်သွားရမယ်။ ဓာတ်မှန်ရိုက်ရမယ်လို့လည်း ပြောပါတယ်။ ကလေးမှာ ဒဏ်ရာကများတယ်လို့ မြင်လို့ပါ” ဟု ဒေါ်လှသိန်းခင်က ပြောသည်။

ကျည်စထိမှန်သွားခဲ့သည့် ၈ တန်းကျောင်းသူသည် ဘူးသီးတောင်မြို့နယ် ကွမ်းတောင်ကျေးရွာမှ စေတီတောင် ကျေးရွာကို စစ်ဘေးရှောင်ရန်ရောက်ရှိနေသူဖြစ်ပြီး သူမ၏နေအိမ်တွင် စာဖတ်ရန် ပြင်ဆင်နေစဉ် ကျည်စထိ မှန်ခဲ့သည်ဟု ဒဏ်ရာရရှိသူ၏ မိခင်ဒေါ်လှသိန်းခင်ကပြောသည်။

“မနေ့က ဖြစ်တာက အဲဒီကလေးက စာဖတ်ဖို့လုပ်နေပါတယ်။ အဲဒီအချိန်မှာ ဗြုန်း… ဗြုန်း.. ဗြုန်းနဲ့ ကျည်ဆံ တွေကျလာတယ်။ အဲဒီအချိန်မှာ ကလေးက အောက်ကိုဆင်းခံတယ်။ တိုက်ပွဲမဟုတ်ဘဲနဲ့ ပစ်တာပါ ” ဟု ဒေါ်လှသိန်းခင် ကပြောသည်။

ကျည်စထိမှန်ခဲ့သည့်ကျောင်းသူ၏ ဝမ်းဗိုက်တွင် နှစ်လက်မခန့် ဒဏ်ရာရရှိခဲ့သည်။ ၎င်းပစ်ခတ်မှုသည် ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာတောင်ပေါ်တွင် စခန်းချထားသည့် တပ်မတော်ကပစ်ခတ်ခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောဆိုကြသည်။

သို့သော် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “ကျနော်တို့ကတော့ မနေ့တုန်းက ပစ်တာလဲမရှိဘူး၊ တိုက်ပွဲမှ မဖြစ်တာ။ တိုက်ပွဲမဖြစ်ဘဲနဲ့ ကျနော်တို့က မပစ်ဘူး” ဟု ပြောသည်။

ကျည်စထိမှန်ခဲ့သည့် ၈ တန်းကျောင်းသူ၏ ပညာရေးအပေါ် မိသားစုဝင်များက စိုးရိမ်မှုရှိနေကြသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၁၀ လနီးပါး ကြာမြင့်လာခဲ့ပြီး တိုက်ပွဲအကျိုးဆက်ကြောင့်  အရပ်သား ၈၀ ကျော်ခန့်သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူဦးရေ ၁၃၀ ကျော် အထိရှိလာကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ပြောဆိုကြသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...