ကချင်ပြည်နယ်၊ ပဋိပက္ခများ ဆက်လက်ရှိနေသေးသည့်အတွက် လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် နယ်မြေကန့်သတ်မှုများရှိလာမည်ကို စိုးရိမ်ကြောင်း ကချင်ပြည်သူ့ပါတီ (KSPP) က ပြောသည်။
ကချင်အများစု နေထိုင်သော မြို့နယ်များတွင် ရွေးကောက်ပွဲများ ကျင်းပနိုင်ခြင်းမရှိပါက ပါတီအတွက် ဆုံးရှုံးမှုများ ရှိနိုင်ကြောင်း ကချင်ပြည်သူ့ပါတီ ဒု-ဥက္ကဌ ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။
“သူတို့လုပ်လာနိုင်တာက ကချင်တွေရဲ့ အဓိက ကချင်တွေများတဲ့နေရာတွေလောက်ပဲ ဖြစ်လိမ့်မယ်။ ဘာလု့ိလဲဆို အဲ့ဒီနေရာတွေဟာ တိုက်ပွဲလည်း မကြာခဏဖြစ်ပွားပါတယ်။ ဒါကြောင့်မို့ ကျနော်တို့လည်း စိုးရိမ်ပါတယ်။ အဓိကတော့ ဆွမ်ပရာဘွမ် မြို့နယ်ရှိတယ်၊ အင်ဂျန်းယန်မြို့နယ်ရှိတယ်။ ဝိုင်းမော်မြို့နယ်ရှိတယ်။ ဗန်းမော်မြို့နယ်၊ မန်စီမြို့နယ်၊ မိုးမောက် မြို့နယ်တွေ အဓိက ကျပါတယ်” ဟု ပြောသည်။
“နောက်တစ်ချက်က ၂၀၂၀ ရွေးကောက်ပွဲမှာ အဲ့လိုမျိုး ပဋိပက္ခတွေကြောင့် လွတ်လွတ်လပ်လပ် သတင်း ရယူခွင့် မရှိဘူး။ လွတ်လွတ်လပ်လပ်နေရာအနှံ့မှာလုပ်ပိုင်ခွင့် မရှိဘူးဆိုရင်တော့ ၂၀၂၀ ရွေးကောက်ပွဲ လည်း တနည်းတဖုံ ပြောင်းလဲသွားနိုင်တယ်” ဟု ဆက်ပြောသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်းရှိ ဝိုင်းမော်၊ ချီဖွေ၊ ဆွမ်ပရာဘွမ်၊ မချမ်းဘော၊ ခေါင်လန်ဖူး၊ တနိုင်း၊ အင်ဂျန်းယန်၊ မံစီ၊ မိုးမောက်၊ ရွေကူ နှင့် ဆော့လော်မြို့နယ်အတွင်းရှိ အချို့ကျေးရွာများတွင် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သလို၊ အချို့ မြို့နယ်များမှာ မြို့နယ်တစ်ခုလုံး ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။
ထို့အပြင် ရွေးကောက်ပွဲတွင် သတင်းမီဒီယာသမားများကိုလည်း နေရာအကန့်အသတ်မရှိပဲ လွတ်လွတ်လပ်စွာ သတင်းရယူခွင့်ပေးဖို့ လိုအပ်သည်ဟု KSPP ပါတီက ပြောသည်။
ရွေးကောက်ပွဲများတွင် သတင်းရယူချိန် ကြုံတွေ့ ရသည့် အခြေအနေများနှင့် ပတ်သက်၍ BNI အဖွဲ့ ဥက္ကဋ္ဌ နန်းဖော့ဂေ က “သတင်းထောက်ကတ်တွေပါတွေကအစပေါ့၊ ရွေးကောက်ပွဲက တစ်ရက်ပဲ လုပ်တဲ့အခါကြတော့ အဲ့ဒီတရက်အတွင်းမှာ တနေရာမကလည်း လှည့်ပတ်ပြီးတော့ သတင်းယူမယ်ဆိုရင် ကိုယ့်မှာရထားတဲ့ သတင်းရယူခွင့် ဧရိယာနယ်မြေ တစ်နေရာတည်း ဖြစ်နေတယ်။ အဲ့ဒီနဲ့ နီးစပ်တဲ့နယ်မြေ၊ ဒါမှမဟုတ်လည်း ထူးခြားမှုဖြစ်စဉ်ရှိနေတဲ့ ရွေးကောက်ပွဲနယ်မြေကျရင်၊ မဲဆန္ဒနယ်မြေကျရင် သွားမယ်ဆို ရင် သွားခွင့်မရှိတော့ဘူး။ နယ်မြေကန့်သတ်မှုဖြစ်သွားတဲ့အခါကြတော့ ဒါကလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သတင်းကို ကျယ်ကျယ်ပြန့်ပြန့် သတင်းမတင်ဆက်နိုင်ဘူး ဖြစ်သွားတာပေါ့နော်” ဟု ပြောသည်။
ထို့ကြောင့် စက်တင်ဘာလ တတိယအပတ်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကျင်းပခဲ့သည့် သတ္တမ အကြိမ်မြောက် တိုင်းရင်းမီဒီယာတွင်လည်း လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် သတင်း ရယူ ခွင့်အတွက် နယ်မြေနေရာကန့်သတ်မှုမရှိပဲ လွတ်လပ်စွာ သွားလာရယူခွင့်ရှိရန် တောင်းဆိုခဲ့ကြသည်။
“ညီလာခံ ၃ ရက်မှာ တက်လာတဲ့ ကိုယ်စားလှယ်တွေက သူတို့တွေ့ ကြုံမှုတွေ ရှိတယ်လေ။ အဲ့ဒီအနေအထားလေးတွေ ကြုံရတာမျိုးရှိတယ်လို့ ဆွေးနွေးတင်ပြတဲ့အတွက်ကြောင့် ဒီလာမယ့် ၂၀၂၀ ကျရင် အဲ့လိုမျိုးတွေ မဖြစ်ရအောင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဒီတရက်တာအတောအတွင်းမှာ သတင်းရယူခွင့် နယ်မြေကန့်သတ်မှု မရှိပဲနဲ့ ဘယ်သတင်းထောက်မဆို သတင်းယူခွင့်ကတ်ပါတယ်ဆိုရင် လွတ်လွတ်လပ်လပ်နဲ့ လိုက်ပြီးတော့ သတင်းယူခွင့်ရဖို့အတွက်ကို တောင်းဆိုတာ ဖြစ်တယ်ပေါ့” ဟု နန်းဖော့ဂေ က ဆက်ပြောသည်။
ရွေးကောက်ပွဲတွင် သတင်းမီဒီယာသမားများကို လွတ်လပ်စွာ သတင်းရယူခွင့်မပေးခြင်းသည် လွတ်လပ်ပြီး တရားမျှတမှုရှိသည့် ရွေးကောက်ပွဲမဟုတ်ဘူးဟု ကချင်ပြည်သူ့ပါတီက ခေါင်းဆောင်များနှင့် သတင်းမီဒီယာ သမားများက ထောက်ပြသည်။
ကချင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် သတင်းရယူချိန်က အခြေအနေနှင့် ပတ်သက်၍ မြစ်ကြီးနားသတင်းဂျာနယ်က အမှုဆောင်အယ်ဒီတာချုပ် ဦးဘရန်မိုင် က “တချို့ပဲရုံတွေဝင်ခွင့်မရတာတို့၊ တချို့ကလည်း မဲရုံတွေကများတော့ သတင်းထောက်တွေက နည်းတာတို့၊ တစ်နေရာပဲ ဝင်ခွင့်ရတာတို့၊ ကိုယ်တိုင် စောင့်မကြည့်နိုင်တာတို့၊ ရွေးကော်က ထုတ်ပြန်တာတွေ နောက်ကျတာတွေ၊ မဲရုံဝင်တဲ့နေရာတွေမှာလည်း အဟန့်အတားတွေရှိနေတယ်။ ပြီးတော့ မဲရုံမှူးတွေကိုယ်တိုင်ကလည်း ဒီမီဒီယာတွေနဲ့ ပတ်သက်ပြီးမှ သူတို့ကိုယ်တိုင် ဂဃနဏ နားမလည်ထားဘူး၊ စည်းမျဉ်းစည်းကမ်းတွေ ဒါတွေက အားလုံးကြုံနေရတာ။ ဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ထိုနည်း၎င်းဖြစ်မှာပဲ” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ ကာလက ကချင်ပြည်နယ်အပါအဝင်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၇ မြို့နယ်စီနှင့် ကျေးရွာပေါင်း ၆၀၀ ခန့်တွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိသဖြင့် ၎င်းဒေသများတွင် ရွေးကောက်ပွဲဖျက်သိမ်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။







