“သောင်းကျန်းသူ” ကို တပ်မတော်နှင့်ပူးပေါင်းတိုက်ခိုက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဆုရရှိ

“သောင်းကျန်းသူ” ကို တပ်မတော်နှင့်ပူးပေါင်းတိုက်ခိုက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဆုရရှိ

တပ်မတော်နှင့်အတူပူးပေါင်း၍ “သောင်းကျန်းသူ”ကို တိုက်ခိုက်ခဲ့သည့် ရဲဒုတပ်ကြပ်တစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဆုရရှိသွားသည်။

၎င်းတို့ကို စစ်တွေမြို့၊ ဦးဥတ္တမခန်းမတွင် ယနေ့ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျင်းပသည့် (၅၅) နှစ်မြောက်  မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားတွင် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ဆုချီးမြှင့်ခဲ့သည်။

ဆုရရှိသူနှစ်ဦးမှာ စစ်တွေမြို့နယ်ရဲတပ်ဖွဲ့မှ ဒုတပ်ကြပ် သိန်းထွန်းနှင့် မြောက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်သား မြတ်နိုင်တို့ဖြစ်သည်။ ဒုတပ်ကြပ် သိန်းထွန်းသည် မင်းပြားမြို့နယ်၊ ပန်းမြောင်းရဲကင်းစခန်းတွင် ဇွန်လအတွင်းတပ်မတော်နှင့် ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ရဲတပ်သား မြတ်နိုင်သည် မြောက်ဦးမြို့နယ်၊ တိမ်ညို ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေစဉ် တပ်မတော်နှင့်ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု အခမ်းအနားတွင် ကြေငြာခဲ့သည်။

ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး “သောင်းကျန်းသူ”ဆိုသူမှာ မည်သည့်အဖွဲ့ကို ရည်ညွှန်းခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေ။ တပ်မတော်နှင့်အစိုးရက ရက္ခိုင့်တပ်တော်(AA)ကိုမူ “အကြမ်းဖက်သောင်း ကျန်းသူ”ဟု သတ်မှတ်ထားကြသည်။

 “ကျနော်တို့ချည်းပဲ သီးသန့် လုပ်လို့မရတဲ့နေရာ၊ သွားလို့မရတဲ့နေရာကျတော့ တပ်မတော်အကူအညီယူရမယ်။ တပ်မတော်ကလည်း သူတို့လှုပ်ရှားမှုတွေ သောင်းကျန်းသူနဲ့ပတ်သက်လို့ တားဆီးနှိမ်နင်းတဲ့အပိုင်းတွေမှာ ဥပဒေအရ ဆောင်ရွက်ရမယ့်ဟာတွေ၊ လိုလာအပ်လာရင် ကျနော်တို့ကို အကူအညီတောင်းရင်လည်း ကျနော်တို့က ပေးရမှာပဲ” ဟု ရဲမှူးကြီးကြည်လင်းက ပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)သည် မင်းပြား၊ မြောက်ဦး စသည့် မြို့နယ်များတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

ရက္ခိုင့်တပ်တော်(AA)သည် ရခိုင်ပြည်နယ်ရှိ ရဲစခန်းများကို တပ်မတော်နှင့် ပူးပေါင်းတိုက်ခိုက်သည်ဟုဆိုကာ ဝင်ရောက်တိုက်ခိုက်မှုများရှိသည်။ သို့သော် တပ်မတော်ဘက်က ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်တိုက်ခိုက်ခြင်း မရှိဟု ငြင်းဆိုထားသည်။

ယနေ့ အခမ်းအနားတွင် မူးယစ်ဆေးဝါးများကို တရားခံများနှင့်ဖမ်းဆီးရမိသည့် ရဲအရာရှိများ၊ လူသတ်မှုများကို (၂၄) နာရီအတွင်း ဖမ်းဆီးရမိသည့် ရဲတပ်ဖွဲ့ဝင်များကိုလည်း ဆုချီးမြှင့်ခဲ့ကြသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...