လွန်းညတောင်တွင် လမ်းခင်းကျောက်ထုတ်ရန်လျှောက်ထားခြင်းအပေါ် ဒေသခံများကန့်ကွက်

လွန်းညတောင်တွင် လမ်းခင်းကျောက်ထုတ်ရန်လျှောက်ထားခြင်းအပေါ် ဒေသခံများကန့်ကွက်

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ လွန်းညကျေးရွာအုပ်စုရှိ ကျောက်တောင်မြေဧရိယာတွင် လမ်းခင်းကျောက်ထုတ်လုပ်ခွင့် လုပ်ငန်းလိုင်စင် လျှောက်ထားခြင်းအပေါ် ကျေးရွာ ၄ ရွာရှိ ဒေသခံရွာသားများက စက်တင်ဘာ ၁၉ ရက်နေ့ တွင်သက်ဆိုင်ရာသို့ ကန့်ကွက်စာ ပေးပို့လိုက်သည်ဟု ဒေသခံများကပြောသည်။

လွန်းညကျေးရွာအုပ်စု ကွင်းအမှတ်(၁၃၆၃) ၊ တောင်ကွင်း၊ ကျောက်တောင်ဧရိယာ(၂.၄၉)ဧက၌ ဒေါ်တင်မာဝေဆိုသူက လမ်းခင်းကျောက်ထုတ်လုပ်ခွင့် လုပ်ငန်းလိုင်စင် သက်ဆိုင်ရာသို့ လျှောက်ထားကြောင်း သိရသည်။

ထိုသို့ လျှောက်ထားသည့်အပေါ် ကန့်ကွက်လိုသူများရှိပါကခိုင်လုံသောအထောက်အထားများနှင့်တကွ ကန့်ကွက်နိုင်ကြောင်း ဖားအံမြို့နယ်၊ အုပ်ချုပ်ရေးမှူးက စက်တင်ဘာ ၂၁ ရက်နေ့ နောက်ဆုံးထားကန့်ကွက်နိုင်ကြောင်းထုတ်ပြန်ထားသည့်အတွက် ဒေသခံများမှ ယခုလို ကန့်ကွက်ခြင်းလည်းဖြစ်သည်။

အဆိုပါကန့်ကွက်စာတွင် လွန်းညကျေးရွာ၊ တံတားဦးကျေးရွာ၊ ကမော့ပိုကျေးရွာနှင့် မိုက်အောင်ကျေးရွာရှိ ဒေသခံများမှ လက်မခံသည့်အတွက်စုပေါင်းလက်မှတ်ရေးထိုးကန့်ကွက်ခြင်းဖြစ်ပြီး ထိုသို့ ကန့်ကွက်စာတင်ခြင်း ဖြစ်သည်ဟု ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်သူ စောငြိမ်းဖြူကပြောသည်။

၎င်းက” ကျနော်တို့က ဘယ်သူမှကျောက်လာထုတ်တာခွင့်မပြုဘူး ။မကန့်ကွက်ခိုင်းလည်း သဘာဝပတ်ဝန်းကျင်၊ ဌာနေလူထုအတွက် ကန့်ကွက်မှာဘဲ။ အခုက အဲဒီတောင်နဲ့ နီးတဲ့ ဒေသခံတွေက လက်မှတ်ထိုးပြီး ကန့်ကွက်တာဖြစ်တယ် ။အခုလည်း ဒီတောင်မှာ မိုင်းဖောက်ပြီး ကျောက်ခိုး ထုတ်တဲ့လူတွေရှိတယ် ။အဲဒါတွေပါ ကျနော်တို့ ကန့်ကွက်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ လွန်းညတောင် အရှေ့ဘက်ခြမ်းတွင် ဒေသခံအချို့က နားလည်မှုဖြင့် တနိုင်တပိုင် အသေး စားကျောက်ထုတ်လုပ်မှုများရှိသလို အချို့မှာ မိုင်းခွဲပြီး ကျောက်ခိုးထုတ်လုပ် သူများလည်းရှိနေသေးကြောင်း လွန်းညကျေးရွာ အုပ်ချုပ်ရေးမှူးစောအေးမောင်က ပြောသည်။

” ကျနော်တို့က ဘာမှပြောစရာမရှိဘူး။ ပြည်သူသဘောဘဲ အခုက သူတို့ကန့်ကွက်စာသွားတင်မယ်ဆိုတော့ အုပ်ချုပ်ရေးမှူး လက်မှတ်တော့ ထိုးပေးရတာပေါ့ ။လုပ်ငန်းလိုင်စင်လာလျှောက်တဲ့ လူကလည်း သူတို့ဝယ်ထား တဲ့မြေပေါ်မှာဘဲ ဒီလုပ်ငန်းလုပ်ဖို့ လျှောက်တာဖြစ်တယ်လို့သိရတယ် ။လုပ်ထုံးလုပ်နည်းအရ ကန့်ကွက် နိုင်ကြောင်းလည်းလည်းရှိတယ်။အရင်က လိုင်စင်မလျှောက်ဘဲတရားမဝင် ကျောက်ထုတ်တဲ့လူတွေ လည်းရှိတယ်” ဟု စောအေးမောင်က ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇ခုနှစ်လွန်းညတောင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များ၏ ကောက်ယူထား သည့်စာရင်းအရ လွန်းညတောင်ခြေတွင် ဒေသခံနှင့် အခြားပုဂ္ဂလိက ကျောက်ထုတ်လုပ်သည့် ကျောက်မိုင်း တွင်း ၂၃တွင်းရှိခဲ့ရာ အဆိုပါကျောက်မိုင်းတွင်းများမှာ ၂၀၁၇နှစ်ကုန်ပိုင်းတွင် ပိတ်သိမ်းလိုက်ရပြီး အချို့မှာ နားလည်မှုဖြင့် ကျောက်ဆက်လက် ထုတ်သည့် ကျောက်မိုင်းတွင်းလည်းရှိသေးသည်ဟု ဒေသခံများ ကပြောသည်။

ထို့အပြင် အာရှလမ်းမစီမံကိန်းအတွက် ၂၀၁၈ခုနှစ်က လွန်းညတောင်တွင်ကျောက်ထုတ်လုပ်သည့် စီမံကိန်းရှိခဲ့ပြီး အဆိုပါစီမံကိန်းကို ဒေသခံများ လက်မခံခဲ့သလို အာရှဖွံ့ဖြိုးရေးဘဏ် ADB မှ သတ်မှတ်ချက်စံချိန်စံညွန်းနှင့်မညီသည့်အတွက် ကျောက်ထုတ်လုပ်သည့်စီမံကိန်း ရပ်နားထားခဲ့ခြင်းဖြစ်သည်။

Photo:KIC
April 2, 2026
ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...
April 1, 2026
တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊...
March 31, 2026
အွန်လိုင်းရုပ်ရှင်ပုံမှန်ကြည့်ရုံဖြင့် လစဉ်ဝင်ငွေရမည်ဟု မက်လုံးပေး ငွေရင်းနှီးခိုင်းသည့်...