လောက်တူမှာ တားမြစ်ငါးဖမ်းကိရိယာသုံးစွဲသူများကို ဖော်ထုတ်သတင်းပေးပါက ကျပ် ၃ သိန်း ချီးမြှင့်မယ်

လောက်တူမှာ တားမြစ်ငါးဖမ်းကိရိယာသုံးစွဲသူများကို ဖော်ထုတ်သတင်းပေးပါက ကျပ် ၃ သိန်း ချီးမြှင့်မယ်

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊မတူပီမြို့နယ်က လောက်တူမျိုးနွယ်စု ဒေသအတွင်း ငါးဖမ်းခြင်းဆိုင်ရာ တားမြစ်ချက်များကို ထိရောက်စွာ ကြပ်မတ်ဆောင်ရွက်နိုင်ရန်အတွက် စည်းကမ်းဖောက်ဖျက် ကျူးလွန်သူများကို ဖော်ထုတ်သတင်းပေးပြီး ပူးပေါင်းဆောင်ရွက်သူများအား ကျပ်ငွေ ၃ သိန်းတိတိ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း လောက်တူဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မတ်လ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဘွေနူးမြစ်အတွင်း တားမြစ်ထားတဲ့ ဘက်ထရီသုံး ငါးဖမ်းဒိုင်နမိုတစ်စုံကို အသုံးပြုပြီး ငါးဖမ်းခဲ့ကြတဲ့ ပုဂ္ဂိုလ် ၂ ဦးနဲ့ ပါဝင်ပတ်သက်သူ ၂ ဦး၊ စုစုပေါင်း ၄ ဦးကို မတ်လ ၂၄ ရက်နေ့မှာ ဖမ်းဆီးအရေးယူခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါပုဂ္ဂိုလ်တွေကို ယခုနှစ်အတွက် ပထမအကြိမ် ပညာပေးအနေနဲ့ ငွေဒဏ် ကျပ် ၁၀ သိန်း ချမှတ်ခဲ့ပြီး ငါးဖမ်းကိရိယာ ဒိုင်နမိုကိုလည်း သိမ်းဆည်းခဲ့ကြောင်း အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုပြောကြားခဲ့ပါတယ်။

ယခုကဲ့သို့ ပညာပေးအဆင့် ဒဏ်ခတ်အရေးယူမှု ပြုလုပ်ပြီးနောက်ပိုင်းတွင် စည်းကမ်းဖောက်ဖျက် ကျူးလွန်သူ မည်သူ့ကိုမဆို ပိုမိုပြင်းထန်တဲ့ ပြစ်ဒဏ်များဖြင့် အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပေးထားပါတယ်။

ထို့အပြင် အဆိုပါ ဒဏ်ကြေးငွေများမှ ရရှိတဲ့ ရန်ပုံငွေတွေကို ဒေသတွင်း လမ်းပြုပြင်ရေးလုပ်ငန်းတွေမှာ ပြန်လည်ထည့်သွင်း အသုံးပြုသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ဒေသတွင်း သယံဇာတတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ငါးဖမ်းခြင်းဆိုင်ရာ တားမြစ်ချက်တွေကို တင်းကျပ်စွာ ကြပ်မတ်နေတာဖြစ်ပြီး၊ ပြည်သူများအနေနဲ့ ကျူးလွန်သူတွေကို ဖော်ထုတ်သတင်းပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြဖို့ လောက်တူဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...