ဒူးပလာယာခရိုင်တွင် ဒေသခံအများအပြား အွန်လိုင်းငွေလိမ်ခံရ

ဒူးပလာယာခရိုင်တွင် ဒေသခံအများအပြား အွန်လိုင်းငွေလိမ်ခံရ

အွန်လိုင်းရုပ်ရှင်ပုံမှန်ကြည့်ရုံဖြင့် လစဉ်ဝင်ငွေရမည်ဟု မက်လုံးပေး ငွေရင်းနှီးခိုင်းသည့် အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)ကြောင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်ရှိ ဒေသခံအများအပြား ငွေကျပ်သိန်းဂဏန်းမှ ထောင်ဂဏန်းအထိ ဆုံးရှုံးမှုရှိနေသည်ဟု ကျေးရွာနေလူထုက ပြောသည်။

ကျုံဒိုးမြို့နယ်၊ ထီဟူးသံ၊ ဝင်းက၊ ဖားကျကျေးရွာအပါအဝင် နို့တကောမြို့နယ်ရှိ ကျေးရွာအချို့တို့တွင် အွန်လိုင်းငွေလိမ်ခံရပြီး ခြံထုတ်ရောင်းအကြွေးဆပ်ရသည်အထိ ဆုံးရှုံးနစ်နာမှုရှိနေကြောင်း ဒေသခံများထံမှ ကနဦးရရှိထားသည့်အချက်အလက်များအရ သိရသည်။

“ကျမတို့ရွာမှာဆို ထိတာအများကြီး မထိတာက နည်းနည်းပဲကျန်တော့တယ်။ အိမ်နဲ့မနီးမဝေးအဒေါ်တစ်ယောက်ဆို သိန်းသုံးရာတောင်ပါသွားတယ်။ အကြွေးဆပ်ဖို့ အခုသူ့ခြံတွေပြန်ရောင်းနေရတယ်”ဟု ထီဟူးသံကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါအွန်လိုင်းငွေလိမ်လည်မှုမှာ Spfilm.vip အမည်ရှိ ဝက်ဆိုက်လင့်ခ်မှတစ်ဆင့် စာရင်းသွင်းအကောင့်ဖွင့်၊ ငွေရင်းနှီးစေ၍ ရုပ်ရှင်ဇာတ်လမ်းအတိုများကိုကြည့်ခြင်းဖြင့် ဝင်ငွေရနိုင်ကြောင်း မက်လုံးပေးရာမှအစပြုသည်။ ကိုယ်တွေ့ကြုံခဲ့ရသူများ ပြောပြချက်အရ လုပ်ငန်းစတင်ချိန် လစဉ်ဝင်ငွေပုံမှန်ရရှိသယောင်ပြထားသော်လည်း အရင်းအနှီးပမာဏများလာလျှင် အကောင့်များကိုဖျက်သိမ်းပစ်လိုက်ပြီး ထည့်ဝင်ငွေအားလုံးကိုလိမ်လည်ရယူသွားသော ပုံစံဖြစ်ကြောင်း သိရသည်။

ထို့အပြင် အကောင့်ဖွင့်၊ငွေသွင်းပြီးသူတိုင်းက ဆင့်ပွားလူခေါ်ယူသည့်စနစ်လည်း လုပ်ဆောင်နိုင်သလို လူတစ်ဦးခေါ်နိုင်ပါက ငွေကျပ်(၅၀,၀၀၀) ရသည်ဟုလည်း ဒေသခံအချို့ကဆိုသည်။

ဒေသခံအမျိုးသားတစ်ဦးက “ကျနော့်ရွာမှာ အထူးသဖြင့် ဆရာမတွေကအစ ပြန်လာဆွယ်တာ။ သူတို့က နည်းနည်းသိနည်းနည်းတတ် ပြောတတ်တယ်လေ။ ကျနော်ဆိုရင် ကျနော့်သူငယ်ချင်းလာဆွယ်တာ ဝင်ရမယ့်လင့်ခ်လာပေးတယ်။ ဝင်ငွေကောင်းတယ်ဆိုပြီးပြောတယ်။”ဟု ကေအိုင်စီသို့ပြောသည်။

အကောင့်ဖွင့်ငွေရင်းနှီးပြီးသူများမှာ နေ့စဉ်ပုံမှန်ဝင်ငွေရရန် တစ်ရက်လျှင် အနည်းဆုံး (၆)စက္ကန့်မှ အများဆုံး (၅)မိနစ်စာရှိသည့် ရုပ်ရှင်ကြော်ငြာအပုဒ်ရေ (၂၀)ခန့် ပုံမှန်ကြည့်ရမည်ဖြစ်ပြီး တစ်ရက်လျင် ပျှမ်းမျှ (၁၀,၀၀၀)ကျပ်မှ (၂၀,၀၀၀)ကျပ်အထိ ငွေဝင်နိုင်ကြောင်း သိရသည်။

ငွေသွင်း၊ ငွေထုတ်လုပ်ရန်အတွက် ဘဏ်အကောင့်မရှိသည့် ကျေးရွာနေလူထုအများစုမှာ KBZ Pay, Wave Pay ကဲ့သို့ ဝန်ဆောင်မှုပေးသည့်ဆိုင်များမှတဆင့် လုပ်ကိုင်ကြပြီး လုပ်ငန်းမှဝင်ငွေ ကျပ်ဆယ်ဂဏန်းအထိရသူများလည်းရှိသည်ဟု ဒေသအတွင်း ငွေကြေးဝန်ဆောင်မှုလုပ်နေသူများက ဆိုသည်။

ကေအဲန်ယူဘက်ကိုစုံစမ်းချက်အရ လတ်တလောကဖြစ်ပွားခဲ့သော ဒူးပလာယာခရိုင်အတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး လူအများအပြားနစ်နာခဲ့ရသည့်အပေါ် ခရိုင်မှတစ်ဆင့် ဗဟိုအထိတင်ပြလာခြင်းမရှိသေးသော်လည်း ပညာပေးလုပ်ငန်းများလိုအပ်ကြောင်း ကေအဲန်ယူ တရားရေးဌာနမှူး ပဒိုနော်လွဲထူးစေးက ဆိုသည်။

“ဒါကအန္တရာယ်ရှိတယ်။ အုပ်ချုပ်ရေးပိုင်းဘက်က ဝင်ရောက်ရှင်းပြ၊ ဟောပြ ပညာပေးမှုတွေလုပ်ဖို့လိုတယ်” ဟု ပဒိုနော်လွဲထူးစေးက ပြောသည်။

ထို့အတူ ကေအဲန်ယူနယ်မြေအတွင်းချမှတ်ထားသည့် ကော်သူးလေဥပဒေတွင် မိမိအကျိုးအမြတ်ရရှိရန် လူအချင်းချင်းစည်းရုံးသိမ်းသွင်းပါက လိမ်လည်မှုအထိမြောက်သည့်ဥပဒေပုဒ်မလည်း ရှိသည်။

အဆိုပါ အွန်လိုင်းငွေရင်းနှီးမှုလုပ်ငန်းမတိုင်ခင်ကလည်း ကျေးရွာအချို့တို့တွင် အာမခံချက်မရှိသည့် ငွေစုငွေချေးလုပ်ငန်းပုံစံဖြင့် ဝင်ရောက်ခြင်းမျိုးရှိခဲ့သလို ချေးငွေမချပေးခင် ငွေကြိုတင်ပေးရသည့် လိမ်လည်မှုမျိုးရှိခဲ့ကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

Photo: Social Media

Photo: KNU
March 30, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်ရှိ ဒေါနတောင်တန်း အရှေ့ဘက်ခြမ်း ဒေသများကို...
March 28, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက် ဖလူးလေးကျေးရွာ အပြင်ဘက်ရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (...
March 27, 2026
နမ့်ဆန်းထီ — ကားလမ်းမကြီးနဲ့အတန်ငယ်လှမ်းပြီး မြို့ပြဆူညံသံတွေနဲ့ဝေးတဲ့ လယ်ကွင်းတွေ၊...
Photo: KIC
March 27, 2026
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) က စီစဉ်ဖွင့်လှစ်ထားသည့် ကျောက်ခတ်အဆင့်မြင့်ပညာရေးကျောင်း...