DKBA ၏ အဆင့်မြင့်ပညာရေးကျောင်းမှ ကျောင်းသူ/ကျောင်းသား ၄၀ ကျော် မွေးထုတ်

DKBA ၏ အဆင့်မြင့်ပညာရေးကျောင်းမှ ကျောင်းသူ/ကျောင်းသား ၄၀ ကျော် မွေးထုတ်
Photo: KIC
Photo: KIC

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) က စီစဉ်ဖွင့်လှစ်ထားသည့် ကျောက်ခတ်အဆင့်မြင့်ပညာရေးကျောင်း (KHEA) ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အပတ်စဉ် (၁) မှ ကျောင်းသူ၊ ကျောင်းသား ၄၀ ကျော် အောင်မြင်သွားပြီး မတ်လ ၂၆ ရက်နေ့တွင် ကျောက်ခတ်ကျေးရွာ၌ ကျောင်းဆင်းပွဲ ပြုလုပ်ပေးခဲ့သည်။

ပညာရေးအခွင့်အလမ်း နည်းပါးနေသည့် တိုင်းရင်းသားကလေးငယ်များအတွက် ရည်ရွယ်ဖွင့် လှစ်ပေးခဲ့သည့် အဆိုပါကျောင်းမှ General Educational Development (GED) နှင့် Cambridge English ဖြေဆိုအောင်မြင်သွားသော ကျောင်းသူ၊ ကျောင်းသား ၄၄ ဦးကို အောင်လက်မှတ် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ယခုလို ဖြေဆိုအောင်မြင်သွားသည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် နိုင်ငံတကာပညာရေးအထိ တက်လှမ်းနိုင်မည့် အခွင့်အလမ်းကို ရရှိသွားမည်ဖြစ်ပြီး ပညာရေးအတွက် ပူးပေါင်းပါဝင်မှုကို မြှင့်တင်သွားနိုင်မည်ဟု ကျောင်းအုပ်တာဝန်ခံ စောစိုးအောင်က ကေအိုင်စီသို့ ပြောသည်။

“မြို့ပေါ်ကလေးတွေနဲ့ နယ်ဘက်က ကလေးတွေကို ယှဉ်လိုက်ရင် နယ်ဘက်က ကလေးတွေက အခွင့် အရေး တအားနည်းတယ်။ ကလေးတွေကို အခုလို အမေရိကန်နိုင်ငံက အသိအမှတ်ပြုတဲ့ GED လက်မှတ်ကို ကျနော်တို့ လုပ်ပေးခြင်းအားဖြင့် သူတို့လည်း နောက်တစ်ဆင့်ကို ဆက်သွားလို့ရတာပေါ့။ ဒီလိုအခွင့်အရေး ဖန်တီးပေးခြင်းအားဖြင့် အဓိက နယ်ဘက်ခြမ်းက ကလေးတွေ၊ ပညာရေးကို စိတ်အားထက်သန်တဲ့ လူငယ်လေးတွေ ပိုပြီးတော့ ပညာရေးမှာ ပါဝင်ခွင့်ရသွားမယ်” ဟု ပြောသည်။

ကျောင်းစတင်ဖွင့်လှစ်ချိန်တွင် ကရင်ပြည်နယ်အတွင်းသာမက ရန်ကုန်နှင့် ဧရာဝတီတိုင်း စသည့် ဒေသအသီးသီးမှ နယ်စုံကျောင်းသူ၊ ကျောင်းသား ၇၂ ဦး ပါဝင်တက်ရောက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်းနားသွားရသူရှိသည်။ ကျန်ရှိသူများအနက် GED ပရိုဂရမ်ကို ၂၆ ဦး ဖြေဆိုအောင်မြင်ခဲ့ပြီး Cambridge English ကို ၁၈ ဦး ဖြေဆိုအောင်မြင်သွားခဲ့သည်ဟု သိရသည်။

ယခုလို ဖြေဆိုအောင်မြင်သွားသူများအပေါ် ဝမ်းသာဂုဏ်ယူမိပြီး အဆိုပါ ကျောင်းသူ၊ ကျောင်းသားများအတွက် နောက်တစ်ဆင့် တက်လှမ်းနိုင်မည့် ဆက်လက်ထောက်ပံ့မှု အစီအစဉ်များကို ဆွေးနွေးထားကြောင်း DKBA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောရွှေဝက ယခုလိုပြောသည်။

“ကျနော် သူတို့ကို အားပေးတာက အခု ဒီနေ့ ကျောက်ခတ်ကျောင်းကနေ အောင်မြင်သွားပြီးရင် ဆက်လက်ပြီး ကျောင်းတက်နိုင်ဖို့ ကျနော်တို့ ဆွေးနွေးနေတာက (တက္ကသိုလ်) ၄ နှစ် ဆက်တက်ပြီးလို့ အောင်မြင်သွားပြီးရင် ဒီနေရာမှာ ပြန်လာပြီး ပညာတွေ ပြန်ဝေမျှပေးတာမျိုး ကျနော်က မျှော်လင့်ထားတယ်။ သူတို့ ၄ နှစ်ပြီးလို့ ပြန်လာရင် ဒီမှာ ၂ နှစ်လောက် ပညာတွေကို ပြန်လာဝေမျှပေးဖို့ မျှော်လင့်ထားတာပေါ့” ဟု ပြောသည်။

ယခုနှစ် ဇွန်လ (၆ လပိုင်း) မှစပြီး ကျောင်း၏ အပတ်စဉ် (၂) ကို ဆက်လက်ဖွင့်လှစ်ပေးသွားရန် စီစဉ်နေပြီး ပညာရေးအခွင့်အလမ်း နည်းပါးပြီး ပညာရေးကို အမှန်တကယ်လိုလားသူများအတွက် အခွင့်အရေးကောင်းတစ်ရပ်ဖြစ်ကြောင်း GED ဖြေဆိုအောင်မြင်သွားသူ စောမိခဲလာစိုးက တိုက်တွန်းပြောဆိုခဲ့သည်။

၎င်းက “ကျနော်တို့ကျောင်းက ကျောင်းဆက်တက်ဖို့ အခွင့်အလမ်းမရှိသူတွေအတွက် စကောလား ရှစ်ပေးတဲ့ အစီအစဉ် ရှိပါတယ်။ စကောလားရှစ် မရေးတတ်ရင်လည်း ကျနော်တို့ကို ဆက်သွယ် မေးမြန်းလို့ရပါတယ်။ ဒီက ဆရာ၊ ဆရာမတွေက တကယ့်အဆင့်မြင့်တဲ့သူတွေအထိ ပါပါတယ်။ ကြိုးစားလိုသူတွေအတွက် သင်ခန်းစာတွေ၊ အချိတ်အဆက် အခွင့်အရေးတွေက ဒီက ဆရာ၊ ဆရာမတွေဆီမှာ အများကြီး ရနိုင်တယ်။ အဲ့ဒါကြောင့် ပညာရေးကို တကယ်ချစ်တဲ့သူတွေ လာတက်မယ်ဆိုရင် မမှားဘူးပေါ့” ဟု ပြောသည်။

အဆိုပါကျောင်းကို တက်ရောက်လိုသူများအနေဖြင့် ကနဦး အင်္ဂလိပ် Placement Test ကို ဖြေဆိုရမှာဖြစ်သည်။ GED ပညာရေး တက်လှမ်းနိုင်သူများကို GED ပရိုဂရမ် တက်ရောက်ခိုင်းပြီး မတက်ရောက်နိုင်သေးသူများကို Pre-GED ဟူ၍ ခွဲပြီး သင်ကြားပေးသည့် အစီအစဉ် ပါဝင်သည်။

ယနေ့ ပြုလုပ်သည့် အောင်လက်မှတ်ပေးအပ်ခြင်းနှင့် ကျောင်းဆင်းပွဲ အခမ်းအနားကို DKBA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောရွှေဝ အပါအဝင် DKBA ၏ အဆင့်မြင့်အရာရှိ အားလုံးနီးပါး ပါဝင်တက်ရောက်ခဲ့ကြသည်။

အဆိုပါကျောင်းကို DKBA ၏ အမှတ် (၁) စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စိုင်းကျော်လှက အဓိကထား ပံ့ပိုးကူညီပေးပြီး ကျောင်းတက်ရောက်မည့် ကလေးများအနေဖြင့် ကုန်ကျစရိတ် ကျခံစရာမလိုဘဲ အခမဲ့ သင်ကြားပို့ချပေးခြင်းဖြစ်သည်ဟု သိရသည်။

March 27, 2026
နမ့်ဆန်းထီ — ကားလမ်းမကြီးနဲ့အတန်ငယ်လှမ်းပြီး မြို့ပြဆူညံသံတွေနဲ့ဝေးတဲ့ လယ်ကွင်းတွေ၊...
March 26, 2026
အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM တွင် ပါဝင်ခဲ့သဖြင့် အမည်ပျက်စာရင်း(Blacklist) သွင်းခံရသူ...
March 25, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးတွင် စစ်အုပ်စု မတရားဖမ်းဆီးထိန်းသိမ်းထားသည့်...
March 24, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဖလူးရွာအကျော်၊ သုံးထပ်ကွေ့ဒေသ လမ်းပိုင်းနေရာသို့ မတ်လ(၂၀)...