ဟင်္သာကန်ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမင်းဆွေအောင်သည် မတ်လ ၃ ရက်က ပေါင်းတည်မြို့တွင် ပြုလုပ်သည့် ကျောင်းသား များ၏ ဆန္ဒပြပွဲနှင့် ပတ်သက်၍ သူ၏ ပြုမူဆောင်ရွက်ချက်သည် "ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအခန်း (၃) အပိုဒ် ၅ အပိုဒ်ခွဲ (ဋ)" နှင့် ညီညွတ်မှုမရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် ပဲခူးတိုင်းအစိုးရ၏ ညွှန်ကြားချက်ဖြင့် တာဝန်မှရပ်စဲကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဇေယျက လက်မှတ်ထိုး ထုတ်ပြန်ထားသည်။
"ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအခန်း (၃) အပိုဒ် ၅ အပိုဒ်ခွဲ (ဋ)" တွင် ပြဋ္ဌာန်းချက်တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ဦးသည် "လက်နက်ကိုင် အဖွဲ့အစည်းဝင် မဟုတ်ခြင်း၊ မတရားအသင်းအဖွဲ့များတွင် ပါဝင်သူ ဆက်သွယ်သူမဟုတ်ခြင်း" ဟု ပြဋ္ဌာန်းထားခြင်းကြောင့် အဆိုပါပြဋ္ဌာန်းချက်နှင့် ဦးမင်းဆွေအောင် ငြိစွန်းခဲ့ခြင်းဖြစ်သည်။
အလားတူ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးနည်းဥပဒေအခန်း ၄ အပိုဒ် ၁၈ ပါပြဋ္ဌာန်းချက်ကိုလည်း လိုက်နာရန် ပျက်ကွက်ခဲ့ပြီး အုပ်ချုပ်ရေးမှူးတာဝန်နှင့် ညီညွတ်မှုမရှိဟု ပဲခူးတိုင်းအစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ပေါင်းတည်မြို့နယ် အုပ်ချုပ်ရေးမှူး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ကျေးရွာအုပ်စု အုပ်ချုပ်ရေးနည်းဥပဒေအခန်း ၄ အပိုဒ် ၁၈ တွင် "ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း အများပြည်သူ၏ လုံခြံုရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေသည့် ခိုက်ရန်ဖြစ်ပွားမှု၊ သတ်ပုတ်နှောင့်ယှက်မှု၊ ဥပဒေနှင့် မညီသော သို့မဟုတ် ဥပဒေနှင့် ဆန့်ကျင်မှုများ မိမိရှေ့တွင် ကျူးလွန်ကြောင်း တွေ့ရှိပါက တားဆီးခြင်း၊ ဖမ်းဆီးခြင်းနှင့် သက်ဆိုင်ရာ ရဲစခန်းသို့ လွှဲအပ်ခြင်းပြုရမည်" ဟု ပြဋ္ဌာန်းထားသည်။
ဦးမင်းဆွေအောင်သည် အဆိုပါ ဥပဒေပါပြဋ္ဌာန်းချက်များကို လိုက်နာရန်ပျက်ကွက်သည်ဆိုကာ မေလ ၁၅ ရက်မှ စတင်ကာ တာဝန်မှ ရပ်စဲကြောင်းလည်း ညွှန်ကြားချက်တွင် ပါရှိသည်။







