ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် (ALD) ကို ပြန်လည်ဖွဲ့စည်းဟု ထုတ်ပြန်

ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် (ALD) ကို ပြန်လည်ဖွဲ့စည်းဟု ထုတ်ပြန်
by -
မဇ္ဈိမ
ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် (ALD) ကို ပြန်လည်ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ANP မှ ထုတ်ပယ်ခံခဲ့ရသည့် နိုင်ငံရေးသမားများက ယနေ့ ဇန်နဝါရီ ၈ ရက်နေ့ ထုတ်ဖော်ပြောခဲ့သည်။

“ ကျွန်တော်တို့ရဲ့ မိခင်ပါတီဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် ALD အမည်နဲ့ပဲ ဆက်လက် ရပ်တည်သွားဖို့ ဆုံးဖြတ်ပါတယ် ” ဟု ပါတီသစ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောသည်။

ပါတီမူဝါဒနှင့် ပါတီအမည် သတ်မှတ်နိုင်ရေးအပါအဝင် အထွေထွေလိုအပ်ချက်များကို ဆွေးနွေးနိုင်ရန်အတွက် ဇန်နဝါရီ ရ ရက်နေ့မှ ၈ ရက်နေ့ထိ တောင်ကုတ်မြို့နယ်တွင် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြပြီး ပါတီသစ်တည်ထောင်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

“အမျိုးသားအကျိုးစီးပွားကို အမှန်တကယ်ဖော်ဆောင်နိုင်မယ့် ပါတီတစ်ရပ် ရခိုင်ပြည်နယ်မှာ လိုအပ်နေပါတယ်။ ပါတီသစ်က ALD အဖွဲ့ဝင်ဟောင်းတွေကို အခြေခံတာတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ALD က လူတွေက လက်ရှိ နိုင်ငံရေးထဲမှာ ပါနေသူတွေက ထပ်ပါသွားမယ်။ ပြီးရင် အရပ်ဖက်အဖွဲ့အစည်း ခေါင်းဆောင်တွေ၊ တက်ကြွ လှုပ်ရှားသူတွေ လည်း ပါ၀င်သွားမှာပါ” ဟု ပါတီသစ် ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပါတီသစ်အခြေအနေကို ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် မဲမကွဲစေရန် ရည်ရွယ်ချက်ဖြင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် ALD တို့ကို ပေါင်းစည်းခဲ့ခြင်းဖြစ်သော်လည်း ရွေးကောက်ပွဲအလွန် ပြည်နယ် အစိုးရဖွဲ့စည်းရေးကိစ္စရပ်များတွင် နှစ်ပါတီ ထိပ်သီးများကြား မူဝါဒရပ်တည်ချက်မှာ ညှိနှိုင်းရေးမရတော့၍ ယခုလို ပါတီသစ်ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

“ ALD ရဲ့ ပေါ်လစီ၊ မူဝါဒတွေကတော့ ဟိုးအရင်တုန်းကအတိုင်းပါ။ သိပ်ပြီးတော့ အပြောင်းလဲကြီးတော့ ရှိမှာမဟုတ်ပါဘူး။ ရှိရင်လည်း ခေတ်အခြေအနေအရ နည်းနည်းပဲရှိမှာပါ ” ဟု ဦးမျိုးကျော်က ပြောသည်။

ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (ALD) သည် ၁၉၉၀ ပြည့် ရွေးကောက်ပွဲကာလက တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် တတိယနေရာထိ အနိုင်ရရှိခဲ့သည့် ပါတီတစ်ခုဖြစ်ပြီး ယခင် ဦးဆောင်ခဲ့သူများ ကိုယ်တိုင် ပြန်လည် ပါဝင်လာသည့် အပြင် လက်ရှိ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်လည်း မိခင်ပါတီ ALD နှင့် လက်တွဲနိုင်သည့် အခြေအနေတွင် ရှိနေကြောင်း ဦးမျိုးကျော်၏ ပြောကြားချက်အရ သိရသည်။

ယခု အစည်းအဝေးမတိုင်မီ ANP မှ ထုတ်ပယ်ခံခဲ့ရသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ တက်ကြွသည့် နိုင်ငံရေးသမားများ၊ အရပ်ဖက် အဖွဲ့အစည်း ခေါင်းဆောင်များ ပါဝင်သည့် “ရခိုင်ပြည်နိုင်ငံရေးပြန်လည်သုံးသပ်ခြင်း” လူထု အစည်းအဝေးတစ်ရပ်ကို အောက်တိုဘာ ၈ ရက်နေ့မှ ၉ ရက်နေ့ထိ ကျောက်တော်မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့ကြသေးသည်။

ပါတီသစ်တည်ထောင်ရန် ယနေ့အစည်းအဝေးပြုနေဆဲတွင် ဒေသခံအချို့က ပါတီသစ်အား ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...