ကျောက်ဘီလူးကျေးရွာအုပ်စုတွင် ရေကြီးမှုကြောင့် စပါးကျီအားလုံးနီးပါး ပျက်စီး

ကျောက်ဘီလူးကျေးရွာအုပ်စုတွင် ရေကြီးမှုကြောင့် စပါးကျီအားလုံးနီးပါး ပျက်စီး

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် သြဂုတ်လ ၈ရက်နေ့က ခုံခံရွာတောင်ခြေအနီးရှိ ဝင်းရော်မြစ်ဖျားမှ ရေစီးဆင်း လာမှုကြောင့် ကြိုးတံတားနှစ်စင်း ရေထဲမျောပါသွားပြီး ကျောက်ဘီလူးကျေးရွာအုပ်စုအတွင်းရှိ ရွာများမှ စပါးကျီအားလုံးနီးပါး ပျက်စီးသွားသည်ဟု ဒေသခံများက ပြောဆိုသည်။

အဆိုပါ ရေကြီးမှုကြောင့် သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းမကြီးရှိ ခုံခံတံတားနှင့် တောင်စွန်း-ကျောက်ဘီလူးရွာ ဆက်သွယ် ထားသော ကြိုးတံတားများ ရေစီးထဲမျောပါသွားသည့်အပြင် ရေကြီးမှုကြောင့် ကျေးရွာရှိ ကျွဲ၊ နွားများနှင့် လူအသေအပျောက်မှု များရှိကြောင်းလည်း ကြာအင်းဆိပ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျောက်ဘီလူးကျေးရွာအုပ်စု တာဝန်ရှိသူ စောစိုးဝင်းက သြဂုတ်လ ၁၆ရက်နေ့တွင် ယခုလို ရှင်းပြသည်။

“ရေက ည ၁၁ နာရီခွဲ လူတွေအိပ်မောကျတဲ့အချိန်မှာ ရေစီးထိုးကျလာတာ။ နိုးလာတော့ တစ်ရွာလုံး ရေပြည့်သွားပြီ။ လယ်မှာ ထားခဲ့တဲ့ ကျွဲ၊ နွားတွေ ရေထဲသေဆုံးမျောပါသွားတယ်။ အိမ်တိုင်းမှာတစ်နှစ်စာ စပါးကျီတွေထဲမှာ အနည်းဆုံး တင်း ၄ဝ၊ တချို့ အိမ်ဆို တင်း ၂ဝဝကျော်လောက်ရှိသေးတယ်။ တစ်ညလောက် ရေမြုပ်ခံရတယ်။ နေပူပြန်လှန်းဖို့လည်း နေမပူဘူးလေ။ စပါး တွေပုပ်သွားပြီး အပင်တွေတက်(အညှောင့်ပေါက်)တယ်။ စားလို့ မရတော့ဘူး။ ကျန်နေတဲ့စပါးနဲ့ တစ်ရွာလုံး ခွဲဝေပြီး စားသုံးနေ ရတယ်။”ဟု ကျေးရွာတာဝန်ရှိသူ စောစိုးဝင်းက ကေအိုင်စီသို့ ပြောသည်။

တောင်ကျရေစီးဆင်းမှုနှင့် ဝင်းရော်ချောင်း ရေလျှံတက်လာမှုကြောင့် ကျောက်ဘီလူးကျေးရွာအုပ်စုရှိ ရွာပေါင်း ၁၅ရွာမှ လူနေ အိမ်များ ရေဝင်ရောက်လာသဖြင့် ပျဉ်ထောင်အိမ် ၅လုံး၊ စပါးကျီအလုံး ၃၅ဝကျော်၊ လယ်ယာလုပ်ငန်းသုံး ကျွဲ၊ နွားကောင်ရေ ၃ဝ၊ မွေးမြူရေး ဆိတ်အကောင် ၇ဝ၊ ဝက်အကောင် ၂ဝနှင့် ရွာသားတစ်ဦး သေဆုံးသွားကြောင်းလည်း စောစိုးဝင်းက ဖြည့်စွက် ပြောဆိုသည်။

ထိုအခြေအနေများကြောင့် ကျောက်ဘီလူးကျေးရွာအုပ်စုရှိ ကြက်ခြံ၊ ထီမော်ကဲ၊ မဲကနောင်၊ မဲ့ကဝါ၊ ကိုရောင်၊ မုအဲထော့၊ ကွီည ထီးနှင့် အခြားရွာများမှာ ချောင်းကူးတံတား ရေထဲမျောသွားသည့်အတွက် လတ်တလောတွင် ယာယီဝါးဖောင်ဖြင့်သာ သွားလာ နေကြရသလို စားဝတ်နေရေးအခက်အခဲလည်းရှိသည်ဟု သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် သြဂုတ်လ ၈ရက်နေ့မှစပြီး ဇမိမြစ်နှင့် ဝင်းရော်ချောင်း ရေလျှံတက်လာပြီး ကျေးရွာအများစု ရေလွှမ်းမှုဒဏ်ခံခဲ့ရပြီး ယမန်နေ့(သြဂုတ် ၁၅ရက်)တွင် ရေလျော့ကျသွားသော်လည်း ကျေးရွာအချို့မှ ချောင်းကူးတံတားနှင့် ရွာချင်းဆက်လမ်း ရေကျော်နေသေးသည့်အတွက် သွားလာရေးခက်ခဲမှုရှိနေသေးကြောင်း ဒေသခံများထံမှ သိရသည်။

Most read this week

December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...
December 9, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာရှိ Shunda Park ငွေလိမ်ခြံဝန်းအတွင်း...