ယင်းတွေ့ဆုံမှုတွင် ကီလိုမီတာ ၂၀၀၀ ကျော် နယ်နိမိတ်ထိစပ်နေသည့် တရုတ်နှင့် မြန်မာနယ်စပ်မှ တိုင်းရင်းသား လက်နက်ကိုင်ပြဿနာများမှာ ယနေ့တိုင် ဖြေရှင်းနေရပြီး၊ အချုပ်အခြာအာဏာ ပိုင်ဆိုင်သည့် မြန်မာနိုင်ငံကို လက်နက်ကိုင် ဆန့်ကျင်နေခြင်းကို လက်မခံနိုင်ကြောင်းနှင့်၊ မဟာဗျူဟာ မိတ်ဖက်နိုင်ငံအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေး ရှေးရှုပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ လက်နက်ကိုင် လမ်းစဉ် စွန့်လွှတ်ရေးအတွက် ကူညီစေလိုကြောင်း တောင်းဆိုခဲ့သည်။
တရုတ်-မြန်မာနယ်စပ်မှ တိုင်းရင်းသားလက်နက်ကိုင်များ လက်နက်စွန့်လွှတ်ရေးအတွက် တရုတ်နိုင်ငံ၏ အကူအညီတောင်းဆိုခဲ့သည့်အပေါ် နိုင်ငံရေးပါတီခေါင်းဆောင်နှင့် လွှတ်တော်ကိုယ်စားလှယ် အချို့တို့၏ အမြင်သဘောထားများကို ဖော်ပြလိုက်သည်။
ဦးခင်မောင်ဆွေ (အမျိုးသားဒီမိုကရေစီအင်အားစုပါတီ - ဥက္ကဋ္ဌ)
လက်နက်စွန့်ရေး လမ်းစဉ်ကတော့ မဖြစ်နိုင်ဘူး။ လက်နက်စွန့်ရေးဆိုတာ သဘောတူညီထားတဲ့ထဲမှာ မပါဘူး။ နိုင်ငံရေး စကားပြောပွဲတွေနဲ့သွားပြီး သဘောတူပြီးမှ လက်နက်စွန့်ရေးဆိုတာ ဖြစ်လာမှာ။ နောက်မှ ပါတီတွေထောင် ရွေးကောက်ပွဲဝင် ဒီလိုဖြစ်မှာ။ လက်နက်စွန့်ရေးလမ်းစဉ်ဆိုတာ ဘာကို ဆိုလိုတာလဲ ငြိမ်းချမ်းရေးရအောင် ဆွေးနွေးပွဲတွေနဲ့အမြန် ကြိုးစားသွားမှာလား။ ဒါဆိုရင်တော့ ပြောစရာမရှိဘူးပေါ့။ တရုတ်နယ်စပ်မှာရှိတဲ့ လက်နက်ကိုင်တွေဆိုတော့ တရုတ်နဲ့ ပက်သက်တာတွေလည်း ရှိနေတာပေါ့၊ အဲဒီတော့ လက်နက်စွန့်ရေး ဆိုတဲ့နေရာမှာတော့ နိုင်ငံရေးအာမခံချက်ရှိဖို့လိုတယ်။ နယ်စပ်ဒေသမှာ အဆင်ပြေအောင် ၀ိုင်းကူညီပေးဖို့ လိုတယ်ဆိုတဲ့ သဘောလည်းဖြစ်နိုင်တယ်။ လက်နက်စွန့်ချင်လာအောင်လို့ ဆောင်ရွက်ပေးဖို့ ကူညီခိုင်းတယ်လို့လည်း ထင်ပါတယ်။ လက်နက်စွန့်ပြီးမှ ငြိမ်းချမ်းရေး စကားပြောရမယ်ဆိုတာတော့ မဟုတ်ဘူးပေါ့။ သူပြောချင်တဲ့ အကြောင်းအရာကိုလည်း တိတိကျကျသိဖို့လိုပါဦးမယ်။
ဦးလှဆွေ (မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၂ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်)
ကျွန်တော် သိရသလောက်တော့ ကိုးကန့်ကိစ္စမှာ တရုတ်က ဗဟိုအစိုးရမပါဘူး။ ဒါပေမယ့် အောက်ကသူတွေက အကူအညီတွေပေးနေတဲ့အခါကျတော့ ပထမဆုံး ၁၂ယောက်ကို ဖော်ထုတ်လိုက်တယ်။ အဲဒီထဲမှာ ဗိုလ်ချုပ်အဆင့်ရှိတဲ့သူ တစ်ဦးလည်းပါတယ်။ ကိုးကန့်ကို ထောက်ပံ့နေတာ၊ ယူနန်ပြည်နယ် အစိုးရစစ်ဌာနချုပ်ကပေါ့။ အဲဒါအပြင် မူးယစ်ဆေးဝါးနဲ့လည်း ပတ်သက်တာတွေရှိတယ် အဲဒါတွေကိုလည်း ဖော်ထုတ်လို့ သိရတယ်။ ကျွန်တော်တို့ ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲသွားတာ တရုတ်နိုင်ငံက ထောက်ပံ့မှု မရှိတော့လို့ပဲ။ အခုကိုးကန့်ကိစ္စမှာလည်း သိသာမြင်သာလာတာတော့ ဖမ်းဆီးရမိတဲ့ထဲမှာ ဗုံးတွေပါတယ်။ အဲဒီဟာတွေက တရုတ်နိုင်ငံက လုပ်တဲ့ ဘယ်မှာမှ မရှိတဲ့ ငြုတ်ကောင်း ဗူးပုံစံဗုံးတွေပဲ။ နောက်တစ်ခုက အဲဒီပုံစံ အတိုင်း "၀"ကလည်း ထုတ်တယ်ဗျ။ စက်ရုံကတော့ "၀" စက်ရုံလို့ပြောလို့ရတယ်။ တကယ်က တရုတ်ပေါ့နော်။ အဲဒီတော့ စစ်ကြောင်းသွားတဲ့ ရွာသားတွေကို လက်ခံတာတော့ လူသားချင်းစာနာမှုအရ လုပ်ပေးတယ်ပေါ့။ စစ်အတွက်ဆိုရင် ကမ်းလှမ်းလာတာရှိရင် မပေးဖို့ ဗိုလ်ချုပ်မှူးကြီးက ကမ်းလှမ်းတယ်လို့ ယူဆတယ်။
ဒေါ်ဒွဲဘူ (အင်ဂျန်းယန် မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ကိုယ့်တိုင်းရင်းသား၊ ကိုယ့်နိုင်ငံရေးကိုတော့ တရုတ်နိုင်ငံအပါအဝင် အခြားနိုင်ငံတွေကို အပ်လိုက်တာ ဖြစ်နေတာပေါ့။ အဲဒီတော့ ကိုယ့်တိုင်းရင်းသားအချင်းချင်းလည်း တွေ့ဆုံဆွေးနွေးနေပြီပဲ၊ ကိုယ့်အချင်းချင်းကို ပြောတာက ပိုကောင်းတာပေါ့။ သူများနိုင်ငံ သွားအားကိုးတယ်ဆိုတာကတော့့ မဖြစ်သင့်ဘူး။ ဟိုဖက်ကလည်း နယ်စပ်ခြင်းထိနေတော့ ဒီဖက်က အေးချမ်းမှ သူတို့လည်း အေးချမ်းတာ လက်ခံပါတယ်။ ဒါပေမယ့် ကိုယ့်မိသားစုအရေးကို ကိုယ့်ဖာသာဖြေရှင်းတာကောင်းမယ်။ သူများကို သွားပြောတာတော့ နားထောင်လို့ မကောင်းဘူး။ ကိုယ့်မောင်နှမ အချင်းချင်းကြားရင်လည်း စိတ်မကောင်းစရာပေါ့။ အချင်းချင်းညှိနှိုင်းရတာကို ဟိုဖက်ကို သွားပြောလိုက်တော့ အချင်းချင်းမှာ စိတ်ဝမ်းကွဲစရာတွေဖြစ်နိုင်တာပေါ့။ ဒါက နိုင်ငံအချုပ်အခြာ နိုင်ငံနဲ့ ပက်သက်ပါတယ်။ ဟိုဖက်ကလည်း ဒါတွေလာပြောတော့ နိုင်ငံအချုပ်အချာအာဏာကို ထိပါးရာကျတယ်။ ကိုယ့်နိုင်ငံပြည်တွွင်းရေးကို ၀င်ပြောလိုက်ခြင်းဖြင့် ၀င်စွက်ဖက်တာနဲ့ တူတဲ့အခါကျတော့ အဲဒီလိုပြောတိုင်းလည်း ဆောင်ရွက်ဖို့ သင့်မသင့်ကိုလည်း ဟိုဖက်က စဉ်းစားသင့်တာပေါ့နော်။ အဲဒီကိစ္စကို အခုတော့ လွှတ်တော်ထဲမှာ မပြောသေးပါဘူး။ တစ်ခုခု တက်ရောက်မှုရှိလာရင်တော့ ပြောရမှာပါ။ တစ်ကယ်လို့ အဲဒါကို တရုတ်က လုပ်ပေးရင်ကော တိုင်းရင်းသားတွေက လက်ခံမှာလား။ အခုတိုင်းရင်းသားတွေက ဖက်ဒရယ်ကိုသွားမယ်လို့ ပြောကြတယ်။ သမ္မတကလည်း သွားမယ်ပြောကြတယ်။ အဲဒီအပေါ်မှာ ဆက်လျှောက်သွားရင်ပြီးတယ်။ သွက်သွက်လေးသွားရင်းပြီးတာပဲ။ သူများပြောတာမလိုဘူးလို့ ထင်တယ်။
ဦးဘရန်လီ (ကချင်ပြည်နယ် ဒီမိုကရေစီပါတီ - အတွင်းရေးမှူး)
အကူအညီတောင်းတယ်ဆိုတာ နှစ်ဖက်က အဆင်ပြေရင်တော့ ကောင်းတာပေါ့။ တိုင်းရင်းသားတွေလည်း လက်ခံတဲ့ အခြေအနေရှိနိုင်မှ ကောင်းမှာပေါ့။ နှစ်ဖက်လုံးက သဘောတူညီပြီး နားလည်မှုရှိမှ တရုတ်က ၀င်ကူညီရင်ပိုကောင်းတာပေါ့။ တရုတ်က စီးပွားရေးလောက်ပဲလုပ်တယ်လေ။ သူများနိုင်ငံရေးကို ၀င်မစွက်ဘူးလို့ ပြောထားတယ်လေ။ ၀င်ကူညီနိုင်ရင်တော့ ကောင်းပါတယ်။
ဦးစိုင်းညွှန့်လွင် (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် - အတွင်းရေးမှူး)
တပ်မတော်က စစ်ရေးအရ အနိုင်ရရှိနိုင်ဖို့အတွက် တရုတ်ဖက်ကို အကူအညီတောင်းတယ်လို့ နားလည်တယ််။ နိုင်ငံရေးနဲ့တော့မဆိုင်ဘူး၊ တရုတ်ဖက်က အကူအညီပေးတာတွေရှိတာ၊ လက်နက်၊ လူအင်အားဒါတွေကူညီပေးတယ်လို့ ထင်တာတွေကို မလုပ်ဖို့ တောင်းတာဖြစ်မယ်။ ဒါပေမယ့် အခုလက်နက်ကိုင်အရေး တိုက်ပွဲကိစ္စတွေက နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းတာ အကောင်းဆုံးပါပဲ။ ကိုယ့်တိုင်းရင်းသားအချင်းချင်း ဆွေးနွေးပြီး ဖြေရှင်းတာ ပိုကောင်းပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြား ဆက်ဆံရေး ၀န်ကြီးဌာန ဒုတိယဝန်ကြီး H.E.Mr. Chen Fengxiangနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ မေ ၁၉ရက်က တွေ့ဆုံစဉ်။ (ဓာတ်ပုံ- Senior General Min Aung Hlaing facebook)







