“ဒီဥပဒေပြဌာန်းချက်များဟာ ရာဇသတ်ကြီးဥပဒေပါ ပြဌာန်းချက်များနှင့် ဆိုလိုရင်း သဘောတရား အတော်များများ တူနေခြင်း၊ နိုင်ငံသားများအား ဥပဒေဖြင့် အကာအကွယ်ပေးရမည့်အစား ဖိနှိပ်ချုပ်ချယ်နိုင်သည့် အလားတူဥပဒေတစ်ခု မရှိသင့်ခြင်း၊ စစ်မှန်သော ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်နေချိန်တွင် နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ထိခိုက်နစ်နာစေသည့် ဥပဒေမျိုးကို ပယ်ဖျက်သင့်ခြင်းတို့ကြောင့် အခု အဆိုကို တင်သွင်းရခြင်းဖြစ်ပါတယ်”ဟု ပြည်သူ့ လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူးလည်း ဖြစ်သည့် ဦးဝင်းမြင့်က ပြည်သူ ့လွှတ်တော်သို ့ တင်ပြ ခဲ့သည်။
ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် သန့်ရှင်းသောအစိုးရကို ဖြစ်ပေါ်လာစေရန် တရားမျှတမှုကို ရှေ ့ရှုပြီး ဆင်ခြင်တုံတရားကို လက်ကိုင်ပြုသော ဥပဒေများကို မှီခိုအားထားကြရပါကြောင်း၊ တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေ မကျရောက်ပါဘဲနှင့် နိုင်ငံရေးသမားများ၊ ဒီမိုကရေစီ အင်အားစုများ၊ ပြည်သူပြည်သားများအား ဖိနှိပ် ချုပ်ချယ်ပြီး ချေမှုန်းတိုက်ဖျက်ခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ ထောင်ချခြင်း စသည်တို့အတွက် လက်နက်သဖွယ် အသုံးချနိုင်ခြင်း မဖြစ်သင့်ကြောင်း၊ ထို့ကြောင့် အဆိုပါ ဥပဒေကို ပယ်ဖျက်သည့် ဥပဒေကြမ်းအား လွှတ်တော်က လက်ခံဆွေးနွေးသင့်ကြောင်းလည်း သူက ရှင်းလင်းပြောကြားခဲ့သည်။
လှည်းကူးမြို့နယ်အမတ် NLD ပါတီဝင် ဦးဖြိုးမင်းသိမ်းက ထိုအဆိုကို ထောက်ခံဆွေးနွေးရာတွင် “ဒီဥပဒေမှာပြဌာန်းထားတဲ့ ပုဒ်မတွေက အုပ်ချုပ်ရေး အဖွဲ့အစည်းကို အာဏာအလွန်အကျွံပေးထားတဲ့ ပုဒ်မတွေချည်း ဖြစ်နေတယ်၊ ဒီပုဒ်မတွေဟာ ဘယ်လောက်အထိ အာဏာအလွန်အကျွံ ဖြစ်ခဲ့သလဲဆိုရင် ကျောင်သားလှုပ်ရှားမှုမှာပါခဲ့တဲ့ ကျွန်တော်ဟာ ပုဒ်မ ၅ -ည နဲ ့ထောင် ခုနစ်နှစ်ကျခဲ့ပါတယ်၊ ဒီလို ကျခဲ့သော်ငြားလည်း အကျဉ်းထောင်ထဲမှာ ပုဒ်မ ၅ - ဂ နဲ့ ထောင်ခုနစ်နှစ် ထပ်မံ အချခံရတယ်၊ အကျဉ်းထောင်ထဲမှာပဲ နောက် ပုဒ်မ ၅ ဃ နဲ ့ထောင်ခုနစ်နှစ် ထပ်အချခံရပါတယ်၊ ဒီဥပဒေတွေဟာ ပြင်ပမှာတင် မဟုတ်ဘဲ ထောင်လိုနေရာမျိုးတွေအထိ အုပ်ချုပ်ရေးအဖွဲ့က အာဏာကို အလွန်အကျွံသုံးစွဲနိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေတဲ့အတွက် ဒီဥပဒေကို ရုပ်သိမ်းဖို့လိုအပ်ပါတယ်” ဟုထည့်သွင်းပြောကြားခဲ့သည်။
သို့ရာတွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က “၁၉၅၀ ပြည့်နှစ် မတ်လ ၉ ရက်နေ့မှာ ဒီဥပဒေကို ပြဌာန်းခဲ့ပြီး ပုဒ်မပေါင်း ရှစ်ခု ပါ၀င်ပါတယ်၊ နိုင်ငံတော် လုံခြုံရေး၊ ငြိမ်ဝပ် ပိပြားရေး၊ တရားစီရင်ရေး၊ နိုင်ငံတော်စီးပွားရေး၊ နိုင်ငံပိုင်အဆောက်အအုံ၊ ယာဉ်စက်ကိရိယာ၊ လမ်းပန်း ဆက်သွယ်ရေး၊ ပြည်သူလူထုရဲ့ အသက်အန္တရာယ်နဲ့ကျန်းမာရေးဆိုင်ရာ ကာကွယ်ပေးနိုင်ရန်အတွက် ရည်ရွယ်ပြီး ပြဌာန်းထားကြောင်း လေ့လာတွေ့ရှိရပါတယ်။
မမှန်သတင်းပေးခြင်းကို တားမြစ်ရတဲ့ ပုဒ်မပါခြင်းဟာ သတင်းအမှန်ထုတ်လွှင့်ခြင်းကို ကာကွယ်ပေးခြင်းလည်း ဖြစ်ပါတယ်၊ ယင်းဥပဒေဖြင့် မီဒီယာနဲ့ ပြည်သူကို ကာကွယ်ပေးထားပါတယ်၊ နိုင်ငံရေးလုပ်ဆောင်နေသော အင်အားစုများအတွက် အကာအကွယ်ရရှိခြင်းတို့ကိုလည်း ထိခိုက်ခြင်း မရှိကြောင်း တွေ ့ရှိရပါတယ်၊ နိုင်ငံတော် လုံခြုံရေး ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြိုတင်ကာကွယ်ပေးထားတဲ့ ဥပဒေ ဖြစ်ပါတယ်၊ ဒီမိုကရေစီ ရှင်သန်ခိုင်မာရေးသည် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် ဆက်စပ်နေပါတယ်၊ ဒါကြောင့် ဒီဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား လက်ခံဆွေးနွေးရန် မသင့်ပါကြောင်း တင်ပြပါတယ်” ဟု ဦးဝင်းမြင့်၏ အဆိုကို ကန့်ကွက် ပြောကြားခဲ့သည်။
ထို့အတူ ပြည်သူ ့လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ကျိုင်းတုံမြို ့နယ်အမတ် ဦးစတီဗင်က “ဒီနေ ့တင်သွင်းတဲ့အဆိုက ဥပဒေတစ်ခုလုံးကိုရုပ်သိမ်းဖို ့ဖြစ်နေတယ်၊ ဒါက နိုင်ငံတော်လုံခြုံရေးအတွက် ရည်ရွယ်ပြဌာန်းထားတဲ့ ဥပဒေဖြစ်လို ့ဒါကို ရုပ်သိမ်းလိုက်ရင် အကွပ်မရှိတဲ့ကြမ်း ပရမ်းပတာ ဆိုသလို တိုင်းပြည်မှာ မင်းမဲ့စရိုက်တွေ ဆူပူသောင်းကျန်းမှုတွေ လှုံ့ဆော်မှုတွေ ထကြွမှုတွေ အများအပြားပေါ်လာမယ်လို ့ယူဆမိပါတယ်၊ တချို့သော လူ လေးဆယ် ငါးဆယ်လောက် အရေးယူခံရလို့ ကျွန်တော်တို့ ဥပဒေကြီးကို ဖျက်သိမ်းမယ်ဆိုရင် ကျန်တဲ့ သန်းငါးဆယ်ကျော်သော ပြည်သူများရဲ့ တည်ငြိမ်အေးချမ်းရေးကို လျစ်လျူရှုရာ ကျပါတယ်” ဟု ဝေဖန်ထောက်ပြခဲ့ပြီး ထိုဥပဒေကို ဖျက်သိမ်းရန် မသင့်ကြောင်း တင်ပြခဲ့သည်။
ပြည်သူ့လွှတ်တော်တွင်း မဲခွဲသည့်အခါ ဦးဝင်းမြင့်၏ အဆိုမှာ ထောက်ခံမဲ ၅၀ သာ ရရှိပြီး ကန့်ကွက်မဲများသဖြင့် လွှတ်တော်က ပယ်ချလိုက်ခြင်း ဖြစ်သည်။
အဆိုပါ ဥပဒေတစ်ရပ်လုံးအား ရုပ်သိမ်းသင့်ကြောင်းကို ပြည်သူ့လွှတ်တော် ဒုတိယအကြိမ် အစည်းအဝေးတွင် သင်္ကန်းကျွန်းမြို့နယ်အမတ် ဦးသိန်းညွန့်က အဆိုတင်သွင်းခဲ့ဖူးသော်လည်း လွှတ်တော်တွင်း မဲခွဲရာတွင် ထောက်ခံမဲ ရှစ်မဲသာ ရရှိပြီး ရှုံးနိမ့်ခဲ့သည်။ ထိုသို ့ရှုံးနိမ့်ခဲ့သဖြင့် တတိယအကြိမ် အစည်းအဝေးတွင် ဥပဒေပါ ပုဒ်မ နှစ်ခု ( ၅-ည နှင့် ၅-င) ကိုသာ ပြင်ဆင်ရန် အဆို ထပ်တင်ခဲ့ပြန်သည်။ ထိုသို့ပြင်ဆင်ဆွေးနွေးချက်များမှာ မြန်မာနိုင်ငံ ပြန်တမ်းတွင် အမိန့်ကြော်ငြာစာ အမှတ် ၁၀၊ ၂၀၁၂ ဖြင့် ပြန်တမ်းထုတ်နိုင်သည့်အနေအထားသို ့ရောက်ရှိခဲ့သည်။







