KIA နှင့် အစိုးရ ဆက်လက် တိုက်ပွဲပြင်းထန်နေဟုဆို

KIA နှင့် အစိုးရ ဆက်လက် တိုက်ပွဲပြင်းထန်နေဟုဆို
by -
မဇ္ဈိမ
ကချင်ပြည်နယ် ဗန်မော်ခရိုင် မန်စီမြို့နယ် အစိုးရ စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ ၁၅ ရက်ကြာ တိုက်ပွဲဖြစ်ပွားနေပြီး မေလ ၂၀ ရက်က ဒုတိယအကြိမ်မြောက်အဖြစ် အစိုးရ စစ်တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကျဲ တိုက်ခိုက်ခံခဲ့ရသည်ဟု KIA တပ်ရင်းမှူးက မဇ္ဈိမ ကိုပြောသည်။

KIA ၏ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ နယ်မြေ မန်စီမြို့နယ် နမ်လင်းပါကျေးရွာတွင် မေလ ၂၀ရက်နေ့ နံနက် ၈ နာရီမှစတင်၍ ညနေ ၅ နာရီချိန်ထိ မြေပြင်တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ပြီး မွန်းလွဲပိုင်းတွင် အစိုးရ တိုက်လေယာဉ် ၂ စီးဖြင့် နှစ်ကြိမ်တိုင်တိုင် လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့သည်ဟု KIA တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူး ဂျွန်းအောင်က ပြောသည်။

“ဒီနေ့ လေယာဉ် နှစ်စီးနဲ့ ၁ နာရီကနေ ၃ နာရီထိ နှစ်ခါလာပစ်တယ်။ တစ်ခါ ဗုံးကျဲရင် သုံးလေးလုံး ဗုံးကျဲချသွားတယ်။ နမ်လင်းပါက အိမ်နှစ်လုံး ခုထိ မီးလောင်နေတုန်းပဲ။ မြေပြင်တိုက်ပွဲလည်း မနက် ၈နာရီကနေ ခုထိ ဖြစ်နေတာ။ အစိုးရ စစ်ကြောင်းက ငါးကြောင်းလောက်ရှိတယ်။ ဒီနေ့ဆို ၁၅ ရက်ရှိပြီ နေ့တိုင်းတိုက်ပွဲဖြစ်နေတာပါ”ဟု သူက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက မြေပြင်တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားခဲ့ရာမှ မေလ ၂၀ရက်နေ့တွင် အစိုးရ စစ်တိုက်လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သူကပြော သည်။

အဆိုပါ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့် KIA တပ်သား နှစ်ဦး ကျဆုံးခဲ့သည်ဟု သူက ပြောသည်။ မေလ ၆ရက်မှစတင်၍ အစိုးရ စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၁၀ ရက်နေ့ထိ KIA တပ်သား ၅ ဦး ကျဆုံးခဲ့ပြီး မေလ ၂၀ရက်နေ့ထိ KIA တပ်သား ရ ဦးထိ ကျဆုံးခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။ ပြီးခဲ့သည့် မေလ ၈ ရက်ကလည်း အစိုးရ စစ်တပ်က တိုက်လေယာဉ် နှစ်စီးဖြင် ပထမအကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု KIA ဘက်က ပြောဆိုထားသည်။

မေလ ၁၆ ရက်ကလည်း ကချင်ပြည်နယ် ဖားကန့်ဒေသ ဂွေခါကျေးရွာအနီး KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ နယ်မြေတွင်လည်း အစိုးရ စစ်တပ်နှင့် တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

မန်စီမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေမှုနှင့်ပတ်သက်၍ KIO ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့က တင်ပြထားသော်လည်း ယခုထိ ပြန်လည် တုံ့ပြန်ပြောဆိုခြင်း မရှိသေးကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

“တိုက်ပွဲဖြစ်ပွားနေမှုနဲ့ ပတ်သက်၍ အစိုးရ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့တွေ တင်ပြထားတယ်လို့ပဲ သိရတယ်။ အခုဖြစ်နေတာက သစ်ဖမ်းတဲ့ကိစ္စနဲ့ဖြစ်တဲ့ကိစ္စလို့ ပြောနေတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ အစည်းအဝေးပြီးမှ တစ်စုံတစ်ရာ ဆုံးဖြတ်မယ်ထင်တယ်”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

KIO ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ထံ မဇ္ဈိမက ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုကော်မတီဝင်များက ပြီးခဲ့သည့် ရက်သတ္တပတ်မှ ယနေ့ထိ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေး အတွက် အစိုးရနှင့် သဘောတူညီမှု ရယူထားသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်းအပေါ် ပြန်လည် သုံးသပ်နေသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ပြီးခဲ့သည့် မတ်လ ၃၁ ရက်က အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ် မူကြမ်းပါအချက်များကို သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

ယင်းမူကြမ်းအပေါ် တိုင်းရင်းသား ခေါင်းဆောင်များအားလုံး ပါဝင်သည့် ညီလာခံကို ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေ လော်ခီးလာတွင် လာမည့် ဇွန်လ ၂ ရက်မှ ၆ ရက်ထိ ငါးရက်ကြာ ကျင်းပမည် ဖြစ်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...