လေပြင်းတိုက်ခတ်မှုကြောင့် မွန်ပြည်နယ်မြို့နယ် ၄ ခုတွင် နေအိမ် ၂၀၀ ကျော်ပျက်စီး

လေပြင်းတိုက်ခတ်မှုကြောင့် မွန်ပြည်နယ်မြို့နယ် ၄ ခုတွင် နေအိမ် ၂၀၀ ကျော်ပျက်စီး
ချောင်းဆုံမြို့လေဘေးဒဏ်ခံရသည့်နေရာများအား ကူညီရှင်းလင်းနေစဉ်(Ptoto- Naiaung Naing)
ချောင်းဆုံမြို့လေဘေးဒဏ်ခံရသည့်နေရာများအား ကူညီရှင်းလင်းနေစဉ်(Ptoto- Naiaung Naing)

မင်းသူရိန် - ယခုရက်ပိုင်းအတွင်း မွန်ပြည်နယ်ရှိ မြို့နယ် ၄ ခုတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၂၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

“ချောင်းဆုံမှာ သြဂုတ် ၅ ရက်နေ့ နံနက် ၃ နာရီလောက် လေပြင်းတိုက်ခတ်လို့ အိမ်ခြေ ၆၆ လုံးပျက်တယ်၊ လုံးဝပြိုသွားတာ ဝါးအိမ်က ရှစ်လုံး၊ ချောင်းဆုံမြို့နယ် သံဃာ့ဆေးရုံက အမိုးတွေ လန်ပြီး ပျက်စီးသွားတယ်၊ ပြီးတော့ အားကစားဝင်း အုတ်နံရံတွေ ပွဲကြည့်စင်အမိုးတွေ လှန်တယ်၊ ဘုရားကြီး အမက ကျောင်း အိမ်သာတွေ သစ်ပင်ပိတာတယ်” ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြက ပြောသည်။

ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာတွင် သြဂုတ်လ ၄ ရက် နေ့လယ်ပိုင်းက လေပြင်းဒဏ်ကြောင့် နေအိမ် ၁၅ လုံး အမိုးလန်ပြီး ပျက်စီးဆုံးရူံးမှုများရှိခဲ့ကြောင်း ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ဆိုသည်။

အလားတူ ရေးမြို့နယ်၊ ကျောက်မိချောင်းကျေးရွာ၌ သြဂုတ်လ ၄ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် တဲအိမ်ပေါ်သို့ အုန်းပင်ပြိုလဲကျ၍ အမျိုးသမီး တစ်ဦး သေဆုံးခဲ့သည်။

“သြဂုတ်လ ၂ ရက်နေ့ ည ၁၁ နာရီခန့်က သထုံမြို့မှာ လေပြင်းတယ်၊ တိုက်တဲ့အချိန်က ၄၅ မိနစ်လောက်ဘဲ လေတအားပြင်းတော့ မိုးရွာတဲ့နှုန်းကလည်း တအားများတယ်၊ ကျောင်း ၁၅ ကျောင်း ပျက်စီးတယ်၊ အိမ်ခြေ ၁၂၇ လုံး ပျက်စီးတယ်၊ လုံးဝပြားပြားဝပ်ဝပ် ပျက်စီးသွားတဲ့ အိမ် ၁၄ လုံးခန့် ရှိတယ်”ဟု သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောဆိုသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သထုံမြို့အတွက် လက်တလောအနေဖြင့် ငွေကျပ်သိန်း ၂၀၀ နှင့် ချောင်းဆုံမြို့အတွက် ငွေကျပ်သိန်း ၅၀ ထောက်ပံ့ပေးထားပြီး လူကယ်ပြန်ကလည်း ထောက်ပံ့မှုများ ပေးနေကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက ပြောသည်။

ရေးမြို့နယ်အတွင်း သြဂုတ်လ ၂ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့ထိ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ပျက်စီးဆုံးရှုံးမှုစာရင်း အတိအကျ မရရှိသေးကြောင်း၊ ဘီးလင်းနှင့် ရေးမြို့တွင် ရေကြီးနိုင်သဖြင့် အထူးစောင့်ကြပ်လျက်ရှိကြောင်း သိရသည်။

အလားတူ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ရေဘေးအထူးသတိပြုနေထိုင်ရန် သတိပေးချက် ထုတ်ပြန်ထားပြီး ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးနှင့် တနင်္သာရီတိုင်း၊ ကရင်၊ မွန်နှင့် ရခိုင်ပြည်နယ်တွင် မိုးကောင်းနေသည်မှာ ငါးရက်ခန့်ရှိခဲ့သဖြင့် ဆက်လက်မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။

 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...
May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...
May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...