မိုးတွင်း ရေနစ်မှုအန္တရာယ် သတိပြုရန် ကယ်ဆယ်ရေးအဖွဲ့သတိပေး

မိုးတွင်း ရေနစ်မှုအန္တရာယ် သတိပြုရန် ကယ်ဆယ်ရေးအဖွဲ့သတိပေး
 ပုံ-Bo Bo Win
ပုံ-Bo Bo Win

မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊ နာမည်ကြီးရေတံခွန်များသို့ သွားရောက်အပန်းဖြေသူများအနေဖြင့်လည်းကောင်း ရေနစ်မြုပ်မှုအန္တရာယ်ကို အထူးသတိပြုကြရန် ဒေသခံကယ်ဆယ်ရေးအဖွဲ့က နှိုးဆော်တိုက်တွန်းထားသည်။

မိုးရာသီရောက်ရှိလာသည်နှင့်အမျှ ဆည်၊ မြစ်၊ ချောင်း၊ ရေတံခွန်နှင့် ကမ်းနားဒေသများတွင် ရေတက်မြန်လာခြင်း၊ ရေအနက်မမှန်းနိုင်ခြင်းတို့ကြောင့် မွန်ပြည်နယ်အတွင်း ရေနစ်မှုဖြစ်စဉ်များ နှစ်စဉ်ဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သည့် မေလ-၁၇ ရက်နေ့တွင်လည်း မော်လမြိုင်မြို့ ငန်းတေးရပ်ကွက်အနီး အတ္တရံမြစ်အတွင်း ရေးဆင်းကူးသည့် အသက် ၉ နှစ်အရွယ် ကလေးတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အပြင် မွန်ပြည်နယ်အတွင်းရှိ ပေါင်၊မုဒုံမြို့နယ်နှင့်သံဖြူဇရပ်မြို့နယ်ရှိ နာမည်ကြီးရေတံခွန်များနှင့် ဆည်တမံနေရာများတွင် လာရောက်အပန်းဖြေ ရေကစားသည့် ပြည်သူများအနေဖြင့်လည်း ရေစီးကြမ်းသည့်နေရာများ၊ ရေအနက်ရှိသည့်နေရာများတွင် အန္တရာယ်ရှိနိုင်သဖြင့် သက်ဆိုင်ရာ ဒေသခံကယ်ဆယ်ရေးအဖွဲ့တို့၏ ညွှန်ကြားချက်များကို လိုက်နာရန် လိုအပ်ကြောင်း ပေါင်မြို့နယ်မှ ကယ်ဆယ်ရေးအဖွဲ့ဝင် လူငယ်တစ်ဦးက ပြောသည်။

“ဆင်ရွာ ရေတံခွန်တွေမှာဆို “ရေစီးကြမ်းတယ်” ဆိုတဲ့ သတိပေးစာတွေ ကပ်ထားပေမဲ့ လာလည်တဲ့သူတွေ အမှုမဲ့အမှတ်မဲ့အဲနေရာကို သွားနေတာရှိသေးတယ်။ ပြောချင်တာက ဒေသခံကယ်ဆယ်ရေးအဖွဲ့တွေရဲ့ တားမြစ်ထားတဲ့ ဧရိယာထဲကို မဝင်ကြဖို့ ကျတော်တို့မှာကြားချင်တယ်။ အပျော်ကနေအပျက်မဖြစ်ဖို့ လူတိုင်းသတိရှိနေမှရမယ်။” ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ်မှ ဖြစ်ပွားခဲ့သည့်ရေနစ်မှုဖြစ်စဉ်အများစုသည် သတိပေးချက်များကို လိုက်နာမှုမရှိခြင်း၊ အရက်သေစာသောက်စားပြီး ရေဆင်းခြင်း၊ ကလေးငယ်များကို ကြီးကြပ်မှုအားနည်းခြင်းနှင့် ရေစီးကြမ်းသည့်နေရာများတွင် ဓာတ်ပုံရိုက်ခြင်းတို့ကြောင့်ဖြစ်ရသည်ဟု အထက်ပါကယ်ဆယ်ရေးအဖွဲ့က ဆိုသည်။

လူသွားလာများသည့် ပေါင်မြို့ရှိ ဇင်ကျိုက်ရေတံခွန်၊ ဆင်ရွာရေတံခွန်စသည့် အထင်ကရအပန်းဖြေနေရာများတွင် အရေးပေါ်သတိပေးဆိုင်းဘုတ်များ၊ လုံခြုံရေးအစီအစဉ်များနှင့် ကယ်ဆယ်ရေးစနစ်များကို စတင်အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်နေကြောင်း တာဝန်ရှိသူထံမှ သိရသည်။

သို့သော် ယခုနှစ်မှ စတင်လူသိများလာသည့် ရေတံခွန်နေရာများတွင် လစ်ဟနေသည့် အရေးပေါ်သတိပေးစာများကို ထပ်မံဆောင်ရွက်ထားရန် လိုအပ်ကြောင်း ကယ်ဆယ်ရေးအသင်းခေါင်းဆောင်တစ်ဦးက တိုက်တွန်းထားသည်။

“ကျနော်အကြံပေးချင်တာက ကိုယ့်ရဲ့ဒေသပတ်ဝန်းကျင်မှာ လူသွားများတဲ့အထင်ကရနေရာတွေရှိနေတယ်ဆိုရင် ဆောင်ရွက်ဖို့လိုတဲ့အရေးပေါ် သတိပေးစာတွေ၊ လုပ်ငန်းစဉ်တွေ ဘယ်လိုပဲဖြစ်ဖြစ်ဆောင်ရွက်ထားစေချင်တယ်။ လာလည်တဲ့ဧည့်သည်တွေကလည်း ရေတံခွန်ဆိုတော့ အချိန်မရွေးအသက်အန္တရာယ်ထိခိုက်နိုင်တယ်ဆိုတာကို မမေ့ဖို့လိုတယ်ပေါ့နော်။” ဟုမော်လမြိုင်မြို့မှ ကယ်ဆယ်ရေးအသင်းခေါင်းဆောင်တစ်ဦးက ဆိုသည်။

မွန်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုနှင့်မတော်တဆဖြစ်မှုကြောင့် နှစ်စဉ်လူသေဆုံးမှု အရေအတွက် ဆယ်ဂဏန်းနှင့်ချီရှိကြောင်း သိရသည်။

ထို့ကြောင့်မိုးရာသီကာလအတွင်း ရေနစ်မှုအန္တရာယ် လျော့နည်းစေရန် ပြည်သူများအနေဖြင့် ကလေးငယ်များကို အနီးကပ်ကြီးကြပ်ရန်၊ သတိပေးချက်များကို လိုက်နာရန်၊ အန္တရာယ်ရှိသော ရေကစားနေရာများသို့ မသွားရောက်ကြရန်နှင့် မိုးသည်းထန်စွာရွာသွန်းချိန်များတွင် မြစ်နှင့်ချောင်းအနီး မသွားလာကြရန်လိုအပ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့မှ ထပ်မံသတိပေးထားသည်။

May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...
May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...
May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...
May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...