တောင်ကိုရီးယားနိုင်ငံ၌ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကျင်းပပြီးစီး

တောင်ကိုရီးယားနိုင်ငံ၌ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကျင်းပပြီးစီး
by -
ကေအိုင်စီ
တောင်ကိုရီးယားနိုင်ငံတွင် ရောက်ရှိနေကြသည့် ကရင်လူမျိုးများစုပေါင်းပြီး ဒီဇင်ဘာလ၂၉ရက်နေ့တွင်ကျရောက်မည့်ကရင် နှစ်သက္ကရာဇ်၂၇၅၆ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာလ၁၈ရက်က တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပခဲ့ကြကြောင်း သိရသည်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို တောင်ကိုရီးယားနိုင်ငံ၊အင်ချွန်းမြို့နယ်ဘူဖြောင်းမြို့၊ဘူဖြောင်းရပ်ကွက်တွင် ကျင်းပခဲ့ကြခြင်းဖြစ်ပြီး ယခုနှစ်စောလျင်စွာကျင်းပရခြင်းနှင့်ပတ်သက်၍ ကိုရီးယားနိုင်ငံ၊ ကရင်နှစ်သစ်ကူးကျင်ပရေးကော်မတီအဖွဲ့မှ နာယကတစ်ဦးဖြစ်သူ စောထွန်းထွန်းက ယခုလိုပြောသည်။

၎င်းက“ကိုရီးယားနိုင်ငံအခြေအနေအရ တနင်္ဂနွေနေ့မှာပဲလုပ်လို့အဆင်ပြေတာရယ်။ ၂၅ရက်နေ့ကလည်း ခရစ်စမတ်နေ့ဖြစ်တဲ့အတွက် တစ်ပတ်ကြိုပြီးတော့ ဒီဇင်ဘာလ၁၈ရက်နေ့မှာပြုလုပ်ရခြင်းဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ပြောသည်။

ယခင်နှစ်များကကျင်းပသည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ကရင်လူငယ်အစည်းအရုံး(KYO-ကိုရီးယား)မှဦးဆောင်ကျင်း ပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင်ကိုရီးယားနိုင်ငံတွင်အခြေချနေထိုင်ရန်ရောက်ရှိလာသည့် ကရင်မိသားစုဝင်များနှင့်အတူ စည်းလုံးမှုကိုပြ သလိုသဖြင့် ပူးပေါင်းကျင်းပရခြင်းဖြစ်ကြောင်းလည်း စောထွန်းထွန်းက ဆက်ပြောသည်။

KIC2001

တောင်ကိုရီးယားနိုင်ငံတွင် ၁၂ကြိမ်မြောက်ကျင်းပသည့် ယခုနှစ်ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်သို့ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်နှင့်အလုပ်သမားသံအရာရှိများ၊ကိုရီးယား NLD နှင့်မြန်မာအသင်းတာဝန်ရှိသူများ၊ ကရင်မိသားစုဝင်၆၀ကျော်အပြင် ပအိုဝ်းလူငယ်များလည်းပူးပေါင်းပါ၀င်ခဲ့ကြပြီး လူဦးရေ၄၀၀ကျော်တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကျင်းပရာတွင် ကရင်အမျိုးသားအလံတော်အားအလေးပြုခြင်း၊ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်မှအမှာစကားပြောကြားခြင်း၊ ဒုံးအကများ၊ကရင်တေးသီချင်းအပြင် ပအိုဝ်းလူငယ်များ၏တေးသီချင်းဖျော်ဖြေမှုများ၊ဒုံးအဖွဲ့ဆုချီးမြှင့်ခြင်းဖြင့် ကျင်းပခဲ့ကြကြောင်းသိရသည်။

ကိုရီးယားနိုင်ငံတွင်ရောက်ရှိနေသည့် ဖားအံဇာတိစောကျော်ပေ့က “ကျနော်တို့ကရင်လူမျိုးတွေအနေနဲ့ဘယ်နေရာ၊ ဘယ်နိုင်ငံပဲရောက်ရောက် ကိုယ့်လူမျိုးရဲ့ရိုးရာယဉ်ကျေးမှုကို မပျောက်ပျက်အောင်စုစုစည်းစည်းနဲ့ ကျင်းပနိုင်သလို အခုကိုရီးယား ကရင်နှစ်သစ်ကူးပွဲ ကျင်းပခွင့်ရပြီး တက်ရောက်ခွင့်ရတာလည်း ၀မ်းသာမိတယ်”ဟု ပြောသည်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ကိုရီးယားနိုင်ငံတွင်ရောက်ရှိနေသည့်ကရင်လူမျိုးများမှ ပြီးခဲ့သည့်၂၀၀၅ခုနှစ်မှစတင်ကာ နှစ်စဉ်ကျင်းပလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Photo:KIC
April 2, 2026
ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...
April 1, 2026
တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊...
March 31, 2026
အွန်လိုင်းရုပ်ရှင်ပုံမှန်ကြည့်ရုံဖြင့် လစဉ်ဝင်ငွေရမည်ဟု မက်လုံးပေး ငွေရင်းနှီးခိုင်းသည့်...