နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ဖြင့် တရားစွဲဆိုခံနေရသည့် ကရင်နီလူငယ် ၆ ဦးကို လွိုင်ကော်မြို့နယ်တရားရုံး၌ ယနေ့ သြဂုတ်လ ၁ရက်နေ့တွင် လိုပြသက်သေများ စစ်ဆေးပြီးစီးခဲ့ပြီး လာမည့် သြဂုတ်လ ၁၅ရက်နေ့တွင် တရားသူကြီးမှ စွဲချက်တင်၊ မတင် အမိန့်ချမည်ဟု သိရသည်။
“အစိုးရဖက်ရဲ့လိုပြသက်သေတွေ အားလုံးကတော့ ဒီကနေ့မှာ ပြီးသွားပါပြီ။ ဆိုတော့ ကျတော်တို့ကို လာမယ့် ၁၅ရက်နေ့မှာ စွဲချက်တင် မတင်ဆိုတဲ့ကိစ္စကို အမိန့်ချမှာ ဖြစ်ပါတယ်။ ဒါကတော့ တရားရုံးအသွားအလာရဲ့ အခြေအနေကို ကျတော်တို့ ပြောပြပေးတာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ကျတော်တို့ပြောလိုတဲ့ ကိစ္စက ဒီပုဒ်မတွေနဲ့ ပတ်သက်ပြီး ကရင်နီလူငယ် ၆ယောက်ကို လွိုင်ကော်အကျဉ်းထောင်ထဲမှာ ထည့်ထားတယ်။ ဒီပုဒ်မသဘောသဘာဝနဲ့ ကျတော်တို့ထုတ်ပြန်တဲ့စာနဲ့က ဘားမှမသက်ဆိုင်ဘူးဆိုတာ ဒါ
သက်သေလာထွက်ဆိုတဲ့သူတွေအားလုံးက သိတယ်။ ကျတော်တို့လည်း သိတယ်။ ဆိုတော့ ဘယ်လိုဖြစ်လာမလဲဆိုတာတော့ စွဲချက်တင်တဲ့အပေါ်မှာ ကြည့်ရမှာဖြစ်ပါတယ်” ဟု တရားရင်ဆိုင်နေရသည့် ကရင်နီလူငယ်ဖြစ်သူ ခွန်းသောမတ်စ်က တရားရုံးအပြီးတွင် ပြောခဲ့သည်။
ယနေ့ တရားရုံးချိန်းတွင် တရားလိုပြ သက်သေဖြစ်သည့် လွိုင်ကော်မြို့မရဲစခန်းမှူး ဒုရဲမှူး ဇော်မိုးဦးကို စစ်ဆေးခဲ့ပြီး သက်သေစုစုပေါင်း ၇ ဦးကို စစ်ဆေးမေးမြန်းခဲ့ပြီး ဖြစ်ပါသည်။
“သေချာတာတစ်ခုကတော့ ကျတော်တို့ ကရင်နီလူငယ်တွေက နဂို ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုကိစ္စကို ဆက်ပြီးတော့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အနှေးနဲ့အမြန်ပဲ ရှိပါတယ်။ လောလောဆယ်မှာတော့ ဒီနေရာမှာ ရပ်ပြီး စကားပြောနေတာကလည်း ကျတော်တို့ရဲ့ ကရင်နီပြည်သမိုင်းကိစ္စဖြစ်ပါတယ်။ သမိုင်းအမှန်ဖော်ထုတ်ဖို့အတွက် ဆက်ပြီး လုပ်ရှားမှုတွေ ဆက်လုပ်သွားမှာဖြစ်ပါတယ်” ဟု ခွန်းသောမတ်စ် က ပြောဆိုခဲ့သည်။
ယနေ့ ရုံးချိန်းသည် ၇ ကြိမ်မြောက်ဖြစ်ပြီး တရားရုံးကို ကရင်နီလူငယ်အများအပြားက လာရောက်ဝန်းရံခဲ့ကြသည်။

“အခုချိန်ထိ ကျတော်တို့ ယုံကြည်နေတာ တစ်ခုရှိပါတယ်။ ကျတော်တို့ရဲ့ သမိုင်းမှန်ဖော်ထုတ်တဲ့နေရာမှာ ကျတော်တို့ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားညီနောင်အချင်းချင်း စည်းလုံးဖို့လုပ်တဲ့နေရာမှာ အာဏာရနေတဲ့ပုဂ္ဂိုလ်တွေကို တိုက်ခိုက်နေတာ မဟုတ်ဘူး ဒီအရှိတရားကိုပဲ ဖော်ထုတ်နေတာ။ ဆိုတော့ အာဏာရှိတဲ့ ပုဂ္ဂိုလ်တွေက လက်ရှိ NLD အစိုးရလက်ထက်မှာ ဒီလို လွတ်လပ်စွာပြောဆိုခွင့်တွေကို အကြီးအကျယ်
ပိတ်ပင်နေတယ်ဆိုတာတော့ ကျတော်တို့ ဒီကနေ့ တွေ့ရတယ်” ဟု ခွန်းသောမတ်စ် က ဆက်ပြောသည်။
တရားရင်ဆိုင်နေရသည့် ကရင်နီလူငယ် ၆ ဦးသည် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နဲ့ စီမံဘဏ္ဍာဝန်ကြီးဦးမော်မော်ကို နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီအမျိုးသားသစ္စာဖောက်များ၊ တိုင်းရင်းသားများသွေးစည်းချစ်ကြည်ရေး၏ ရန်သူများ၊ ကျေးဇူးကန်းသူများအဖြစ် မတ်လ ၂၅ရက်နေ့က လက်မှတ်ထိုးပြီး ထုတ်ပြန်ကြေညာခဲ့သည့်အတွက် ပြည်နယ်အစိုးရကိုယ်စား ဦးသက်နောင်မှ လွိုင်ကော်မြို့မရဲစခန်းတွင် မေလ ၁၇ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့ပြီး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။







