ကျောင်းလခ အခက်အခဲကြောင့် စစ်ရှောင် ကလေးအချို့ ကျောင်းရပ်နားရန် မိဘများ စဉ်းစားလာ

ကျောင်းလခ အခက်အခဲကြောင့် စစ်ရှောင် ကလေးအချို့ ကျောင်းရပ်နားရန် မိဘများ စဉ်းစားလာ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ တိုးမြှင့်ကောက်ခံလာသဖြင့် ငွေကြေးအခက်အခဲရှိနေသည့် ကျောင်းသားမိဘအချို့သည် သားသမီးများကို ကျောင်းရပ်နားထားရန် စဉ်းစားလာကြသည်။

အဆိုပါ စစ်ရှောင်စာသင်ကျောင်းသည် ပြီးခဲ့သည့်လများက ကျောင်းသားတစ်ဦးလျှင် ကျောင်းလခ တစ်လ ကျပ် ၆,၀၀၀ ကောက်ခံခဲ့သော်လည်း ဩဂုတ်လမှစ၍ ကျပ် ၈,၀၀၀ အထိ တိုးမြှင့်ကောက်ခံလာခြင်းဖြစ်သည်။

စစ်ဘေးရှောင်နေရသည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးနေချိန်တွင် အချို့မိသားစုများသည် ကျောင်းလခကို ချေးငှား ပေးဆောင်နေရသဖြင့် အခက်အခဲများ ပိုမိုကြီးမားလာကြောင်း မိသားစု၌ ကျောင်းသား ၄ ဦးရှိသည့် မိဘတစ်ဦးက ပြောသည်။

“အလုပ်မရှိလို့။ အလုပ်တအားရှားပါးတော့ လစဉ်လစဉ် ကော်မတီကလည်း ဆရာမ မုန့်ဖိုးလာတောင်းရင် မပေးနိုင်ဘူးဆို ကျမတို့ မျက်နှာငယ်မလားဆို။ သူများဟာကြေကုန်ပြီး ကိုယ့်ဟာမကြေရင် ဆရာမတို့ ကိုယ့် နာမည်စာရင်း မှတ်ထားရင် မကောင်းဘူးလားလို့ ရှက်တယ်ဆိုတော့ အခုထွက်ခိုင်းမလားလို့” ဟု ၎င်းက ပြော သည်။

လစဉ် ကောက်ခံသည့် ကျောင်းလခများကို ဆရာ၊ ဆရာမများအတွက် သင်ကြားရေးထောက်ပံ့ကြေးအဖြစ် အသုံးပြုနေခြင်းဖြစ်သည်။

ယခုကဲ့သို့ ကျောင်းလခ မပေးဆောင်နိုင်ဘဲ ကလေးများကို ကျောင်းရပ်နားရမည့် အခြေအနေနှင့် ပတ်သက်၍ ဖြေရှင်းနိုင်မည့် နည်းလမ်းကို ကြိုးစားနေကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ပညာ ရေးဌာန၊ အဆင့်မြင့်ပညာဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်ခိုင်စုမွန်က ပြောဆိုထားသည်။

“အဲ့ဒါ‌တွေလည်း ကြားတယ်။ ဆရာ၊ ဆရာမတွေကို ကျမတို့ပေးတဲ့ မုန့်ဖိုးတွေကလည်း လုံလောက်မှု မရှိတာ ပေါ့နော်။ မရှိတော့ ကျောင်းဖက်ကလည်း ဆရာ၊ ဆရာမကို လက်မလွှတ်ချင်တာပေါ့။ လက်မလွှတ်ချင်တဲ့ အတွက် ဆရာ၊ ဆရာမကို ရွာဖက်ကနိုင်အောင် ထောက်ပံ့တယ်ပေါ့။ အဲ့ဒီမှာ ကျောင်းကောက်ခံမှုတွေ တအား များလာတယ်ပေါ့။ အဲ့ဒီအပေါ်မှာတော့ ကျမတို့ စိတ်မကောင်းဘူး။ ဒါကိုဖြေရှင်းပေးဖို့လည်း ကြိုးစားနေ တယ်။ ကျမတို့မှာလည်း ဒါကိုဘယ်လိုနည်းလမ်းနဲ့ ဖြေရှင်းနေပါတယ်ဆိုတဲ့ ကျမတို့ အတိကျ မပြောနိုင်တဲ့ အတွက် စိတ်မကောင်းပါဘူး” ဟု ဒေါ်ခိုင်စုမွန်က ပြောသည်။

ကျောင်းပညာရေး အသုံးစရိတ်အတွက် ဘဏ္ဍာရေး အကန့်အသတ်ရှိလာခြင်းသည်လည်း အခက်အခဲ တစ်ခု ဖြစ်ကြောင်း၊ လက်ရှိတွင် ပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ စစ်ရေးပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသည့် အပြင် စီးပွားရေးအကျပ်အတည်းနှင့် ငွေကြေးအခက်အခဲများကြောင့် အခြေခံဝန်ဆောင်မှုများ ပေးအပ်ရာတွင် အခက်အခဲများ ရှိနေကြောင်း ဒေါ်ခိုင်စုမွန်က ဆက်လက်ပြောဆိုသည်။

ကျောင်းလခ တိုးမြှင့်ကောက်ခံရသည့် အခြေအနေနှင့် ပတ်သက်၍ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စာသင်ကျောင်းတစ်ခု၏ ကျောင်းကော်မတီဝင်တစ်ဦးက မိဘများထံမှ ကုန်ကျစရိတ် ပိုမိုကောက်ခံရခြင်းမှာ IEC ဘက်မှ ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ပေးနိုင်သည့် ပမာဏ လျော့နည်းလာခြင်းကြောင့်ဖြစ်ကြောင်း ရှင်းပြသည်။

ဒေါ်ခိုင်စုမွန်က “IEC က ပေးတာ ဆရာ၊ ဆရာမ အကုန်မရတော့ဘူးပေါ့။ ဥပမာ လူဦးရေ (၂၀) ရှိရင် (၁၀) ယောက်၊ တစ်ဝက်ပဲ ပေးတော့တယ်။ IEC က အယောက်စီတိုင်း လတိုင်းပေးမယ်ဆို မိဘတွေ ပေးရမယ့်ဟာ နည်းနည်းသက်သာတယ်ပေါ့” ဟု ပြောသည်။

ဩဂုတ်လမှစ၍ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ စာသင်ကျောင်းအချို့တွင် ကျောင်းလခ ကျပ် ၂,၀၀၀ မှ ၅,၀၀၀ အတွင်း တိုးမြှင့်ကောက်ခံမှုများ ရှိလာပြီး ယင်းသို့ တိုးမြှင့်ကောက်ခံသည့် စာသင်ကျောင်း ၁၀ ကျောင်း ထက်မနည်း ရှိနေသည်။

ကရင်နီပြည်တွင်းရှိ တော်လှန်ရေးအင်အားစု နယ်မြေများတွင် စာသင်ကျောင်းပေါင်း ၄၇၀ ကျော်ရှိပြီး ကျောင်း သား၊ ကျောင်းသူ လူဦးရေ ၅၇,၀၀၀ ကျော် ရှိကြောင်း IEC ၏ စာရင်းများအရ အတည်ပြုနိုင်ခဲ့သည်။

September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...
September 7, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စုတပ်က ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍...
September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...