လေကြောင်း အန္တရာယ်ကြောင့် ဒီးမော့ဆိုရှိ စာသင်ကျောင်းအချို့ ယာယီပိတ်ထားရ

လေကြောင်း အန္တရာယ်ကြောင့် ဒီးမော့ဆိုရှိ စာသင်ကျောင်းအချို့ ယာယီပိတ်ထားရ
ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို စစ်အုပ်စု တပ်၏ လေကြောင်း အန္တရာယ် စိုးရိမ်ရသဖြင့် ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးတစ်ဦးက ပြောသည်။

စက်တင်ဘာလ ၇ ရက်မှစ၍ လုံခြုံရေး အခြေအနေကြောင့် စာသင်ကျောင်းအချို့ကို ပိတ်ထားရခြင်းဖြစ်ပြီး အခြေအနေအပေါ် မူတည်ကာ တစ်ပတ်ခန့်အထိ ပိတ်ထားရနိုင်ကြောင်း ဆိုသည်။

ကျောင်းများကို ရက်ရှည် ပိတ်ထားရသဖြင့် ကလေးများ၏ သင်ကြားရေးကို ထိခိုက်နိုင်သကဲ့သို့ ကျောင်းပြန်ဖွင့် ချိန်တွင်လည်း ကျောင်းစာအပေါ် အာရုံစူးစိုက်နိုင်မှု လျော့နည်းလာနိုင်ကြောင်း ဒီးမော့ဆို (အရှေ့) မြို့နယ် ပညာရေးမှူးတစ်ဦးက ပြောဆိုထားသည်။

“အခုဆိုရင် လေကြောင်းအန္တရာယ်သတိပေးချက်အနေနဲ့ လုံခြုံရေးစိုးရိမ်ရတယ်ဆိုတဲ့အပေါ်မှာ ပြောလာတော့ ကလေးတွေကို အခုဆိုရင် တွေ့နေရပြီ ကျောင်းပိတ်လိုက်တာနဲ့ ညပိုင်းသူ့ဟာနဲ့သူ အိမ်မှာစာကြည့်ဖို့ နေနေ သာ သာ လိုင်းတွေသွားသုံးကြတယ်။ ဂိမ်းတွေဆော့ကြတယ်။ ဒီလိုမျိုး အခြေအနေရှိတော့ အကယ်လို့ ဒီလိုမျိုးသာ ကျောင်းပိတ်ကာလ ၁ ပတ်ထက်မဟုတ်ဘဲနဲ့ ၁ ပတ်ကျော်လာခဲ့သည်ရှိသော် ဒီကလေးက စာဖက်မှာပြန်ပြီး အာရုံရောက်ဖို့ ကျနော်တို့ ထိန်းရခက်ခဲတဲ့အနေအထားမှာ ရောက်သွားနိုင်တယ်” ဟု ၎င်းက ပြောသည်။

စက်တင်ဘာလအတွင်း ကရင်နီပြည်အတွင်းရှိ လွိုင်ကော်၊ ဆိုမိုဖေစိုးလေး (ရှားတော)၊ ဖရူဆို၊ ဖားဆောင်းမြို့ နယ် မော်ချီးဒေသနှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းနှင့် လေယာဉ်၊ ဒရုန်းများဖြင့် ကင်းထောက် ပျံသန်းခြင်းများ ပြုလုပ်နေသဖြင့် လုံခြုံရေး စိုးရိမ်မှုများ ရှိနေကြောင်း ဒေသခံများက ဆိုသည်။

ယခုကဲ့သို့ လေကြောင်း အန္တရာယ်နှင့် လုံခြုံရေး အခြေအနေများကြောင့် ယခု ၂၀၂၆-၂၇ ပညာသင်နှစ်တွင် ကရင်နီပြည်အတွင်းရှိ စာသင်ကျောင်းအချို့ကို မကြာခဏ ယာယီပိတ်ထားရပြီး ကျောင်းသား၊ ကျောင်းသူများ ၏ ပညာသင်ကြားရေးအတွက် အခက်အခဲများ ဖြစ်ပေါ်နေသည်။

ကရင်နီပြည်အတွင်း လေကြောင်းနှင့် ဒရုန်း တိုက်ခိုက်မှုများကြောင့် ကျောင်းအဆောက်အအုံ ပျက်စီးကာ ကျောင်းအချို့ ယာယီပိတ်ထားရသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

ဒီးမော့ဆို (အရှေ့) မြို့နယ်တွင် စာသင်ကျောင်းပေါင်း ၃၀ ကျော် ရှိသည်။

September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...
September 7, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စုတပ်က ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍...