ဝိုင်းမော်မြို့နယ်အတွင်းရှိ တစ်ရုတ်တစ်သျှူးငှက်ပျောစိုက်ထားသည့် နမ့်ဝါသစ်တောကြိုးဝိုင်းအား ဒေသအစုအဖွဲ့ပိုင် သစ်တောမြေ CF လျှောက်ရာတွင် မြေခွဲဝေမူနဲ့ ပတ်သက်ပြီး ဒေသခံများအကြား ညီညွှတ်မူမရှိဖြစ်နေသောကြောင့် CF လျှောက်ရာ အဆင်မပြေမူများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး ဇွန်လ ၂၀ ရက်နေ့တွင် ခရိုင်သစ်တောဦးစီးမှူးနဲ့ ဒေသခံများတွေ့ဆုံမှုနှင့်ပတ်သက်ပြီး မြေရရှိရေး ဦးဆောင်နေသူတစ်ဦးဖြစ်သည့် ဦးလကျန်ဇေခေါင်က ယခုလို ပြောသည်။
“သူတို့က လုပ်ရမယ် လျှောက်ရမယ်လို့ပြောတာမှန်တယ်။ ဒါပေမယ့် မြို့နယ်ဦးစီးမှူးကနေ မြေခွဲကော်မတီ ဆိုတာလုပ်လာတဲ့ချိန်မှာ ကျနော်တို့အသင်းသားတွေအနေနဲ့လျှောက်ဖြစ်အောင်ဆိုပြီး မြေခွဲကော်မတီ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် မြေပြင်မှာ CF လျှောက်ခွင့်မရသေးဘူး။ လျှောက်ထားတာလည်း ဘယ်ရောက်သွားလဲမသိဘူး။ ဘာလို့မရလဲဆိုတော့ သူတို့ပြောတာက နင်တို့ချင်းချင်းမညီညွှတ်ဘူး နင်တို့ အချင်းချင်း ညီညွှတ်ရင် ပြသာနာမဖြစ်ရင် လျှောက်လို့ရနိုင်တယ်ဆိုပြီးပြောလာတယ်။” ဆိုပြီး မြေယာပြန်လည်ရရှိရေးဦးဆောင်နေသူ ဒေသခံဦးလကျန်ဇေခေါင်ကပြောသည်။
အဆိုပါသစ်တောကြိုးဝိုင်းတွင် မုတ်ကျိတ်၊ လမြန်၊ နမ့်ဝါ ကျေးရွာများမှ ဒေသခံ ၁၃၆ ပါဝင်ပြီး ၎င်းတို့အား အစုအဖွဲ့ပိုင်သစ်တောကြိုးဝိုင်းအဖြစ် ပြန်လည်စိုက်ပျိုးခွင့်ပြုရန် သက်ဆိုင်ရာအစိုးရဌာနအဆင့်ဆင့်သို့ တိုင်ကြားခဲ့ကြပြီး နှစ် ၂၀ ကြာမြင့်ပြီးနောက် ဇွန်လ ၂ရက်နေ့တွင် ကချင်ပြည်နယ်သစ်တောဦးစီးဌာနမှ ပြန်လည်လုပ်ကိုင်စေရန် သဘောတူခဲ့ပြီးဖြစ်သည်။
သို့သော်လက်ရှိချိန်တွင် ဒေသခံ ၁၃၆ ဦးထဲမှ လက်ငုပ်လက်ရင်းအတိုင်း ရရှိလိုသည့် တစ်ဦးတစ်ယောက်၏ လုပ်ဆောင်မူကြောင့် ယခုလိုဖြစ်နေရကြောင်း ဒေသခံအချို့ကပြောဆိုကြသည်။
“ ဒီကိစ္စက ကျနော်တို့ထဲက တစ်ယောက်သောသူက တစ်ခြားအဖွဲ့အစည်းကလူတွေနဲ့ပေါင်းပြီး ဒီအဖွဲ့ထဲမှာ ပြေလည်မူမရအောင်လုပ်ဆောင်နေတာ ဟုတ်တယ်။” ဆိုပြီး ဒေသခံတစ်ဦးကဆိုသည်။
ထိုနေရာတွင် ယခင်ကတည်းက လုပ်ကိုင်လာခဲ့ကြသည့် သူများရှိသကဲ့သို့ နောက်ပိုင်း လာရောက်လုပ်ကိုင်သူများလည်း ရှိပြီး မြေယာခွဲဝေရေးတွင် တန်းတူညီမျှခွဲဝေမည်ကို စိုးရိမ်တဲ့အတွက် ဖြစ်ကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။
“ ကျနော်တို့ အားလုံးတန်းတူညီမျှရရှိအောင် ဆောင်ရွက်နေတာဖြစ်တယ်။ ကျနော်တို့ ၁၃၆ ဦးထဲက တစ်ဦးတစ်လေ ကန့်ကွက်နေပေမယ့်လည်း သူ့ကို ကျနော်တို့ဘက်ကနေ အတတ်နိုင်ဆုံး ဖြေရှင်းသွားမယ်” ဆိုပြီး ဦးဆောင်သူ ဦးလကျန်ဇေခေါင်က ဆက်ပြောသည်။
တစ်ရုတ်တစ်သျှူးငှက်ပျောစိုက်ထားသည့် နမ့်ဝါသစ်တောကြိုးဝိုင်းအား ဒေသခံအစုအဖွဲ့ပိုင်အဖြစ် ပြုလုပ်ရန်အတွက် ဧက ၂၀၀သဘောတူထားသော်လည်း လျှောက်ထားသည့်လူအခြေနေပေါ်မူတည်ပြီး ဧကအပြောင်းအလဲ ရှိနိုင်ကြောင်း ဇူလိုင် ၂၀ ရက်နေ့ ခရိုင်သစ်တောဦးစီးမှူးနဲ့ဒေသခံများ တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။
“အဲဒါက လူဦးရေအခြေနေရယ် သူတို့ရဲ့လုပ်ကိုင်စွမ်းအားပေါ်မူတည်ပြီး မြေအနေထားရယ် ကျနော်တို့ဌာနက မြေပြင်ပေါ်မှာ စီမံခန့်ခွဲပြီးတော့လုပ်ဆောင်ရမယ့်အခြေနေပေါ်မူတညပြီးတော့ ဧကကတော့ အပြောင်းလဲရှိကောင်းရှိနိုင်ပါတယ်။” ဆိုပြီး မြစ်ကြီးနား ခရိုင် သစ်တောဦးစီးမှူး ဦးနိုင်နိုင်ထွန်းက ပြောသည်။
အဆိုပါ နမ့်ဝါသစ်တောကြိုးဝိုင်းကို ယခင်က ဦးညွှန့်အောင်ကုမ္မဏီမှ တစ်သျှူးငှက်ပျောစိုက်ထားမူကို ဒေသခံများ တိုင် သစ်တောကြိုးဝိုင်းနယ်မြေ ၅၅၈ ရှိသည့်အနက် ဧက ၂၀၀ ကို ဒေသခံများအားအစုအဖွဲ့ပိုင် သစ်တောကြိုးဝိုင်းစိုက်ပျိုးခွင့်ပြုရန် လွန်ခဲ့သည့် ဇွန်လ ၂ရက်နေ့တွင် သစ်တောဦးစီးဌာနမှ ဒေသခံများတွေ့ဆုံဆွေးနွေးရာတွင် သဘောတူခဲ့ကြသည်။
သို့သော် အစုအဖွဲ့ပိုင်သစ်တောကြိုးဝိုင်းလျှောက်ရန် ဒေသခံများဘက်မှ ယနေ့ချိန်ထိ လျှောက်ထားနိုင်ခြင်းမရှိသေးကြောင်း သိရသည်။







