AA နှင့် ဆက်နွယ်သည်ဟုဆိုကာ လူ(၅)ဦး အဖမ်းခံရ

AA နှင့် ဆက်နွယ်သည်ဟုဆိုကာ လူ(၅)ဦး အဖမ်းခံရ

ရက္ခိုင့်တပ်တော်(AA)နှင့် ပတ်သက်ဆက်နွယ်သည်ဟု သံသယဖြင့် ပုဏ္ဏားကျွန်းမြို့နယ်မှ လူ (၅)ဦး ဇူလိုင်လ ၁၅ ရက်နေ့တွင် ဖမ်းဆီးခံလိုက်ရသည်။

စေတီနန်းကျေးရွာမှ ယာဉ်မောင်း ကျော်မြင့်၊ ယိုးတရုတ်ကျေးရွာနေ မင်းနိုင်ဌေးနှင့် မောင်ဦးငြိမ်းဝေ တို့စီးနှင်းလာသည့်ကားအား ကျောက်တော်မြို့နယ်၊ ကန်စောက်ကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့သည်။ ယာဉ်ပေါ်တွင် သေနတ်တစ်လက်၊ ကျည်ဆန်များ၊ ဓားတစ်ချောင်း၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြားနှင့် ဖုန်း (၅)လုံးတို့နှင့်အတူ ၎င်းတို့ကိုဖမ်းဆီးရမိခဲ့သည်ဟု တပ်မတော်က ဇူလိုင်လ ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၎င်းတို့အား စစ်ဆေးချက်အရ ယိုးတရုတ်ကျေးရွာနေ ထွန်းဝင်း (ဘ)ဦးမောင်ရွှေဇံသည် AA  နှင့် ပတ်သက်ဆက်နွယ်မှုရှိကြောင်း သိရှိရသဖြင့် ၎င်း၏နေအိမ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်း ၎င်းနှင့်အတူ ဦးသန်းရွှေတို့အား AA နှင့်ပတ်သက်သည့် ဓာတ်ပုံ၊ ဗွီဒီယိုများပါသည့် လက်ကိုင် ဖုန်း ၁ လုံး၊ ငွေလွဲှပြေစာများ၊ မူးယစ်ဆေးဝါးများသုံးစွဲရာတွင် အသုံးပြုထားသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့သည်ဟုလည်း တပ်မတော်က သတင်းထုတ်ပြန်သည်။

DMG က အဆက်အသွယ်ရရှိသည့် ဖမ်းဆီးခံနေရသူ ဦးထွန်းဝင်း၏ညီမ မနီနီဆန်းက လက်ရှိတွင် ၎င်းတို့အား မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိရသေးကြောင်း၊ ၎င်း၏အစ်ကိုသည်လည်း လူကောင်းလူမွန်တစ်ဦးဖြစ်သဖြင့် ပြန်လည် လွှတ်ပေးစေချင်ကြောင်း ပြောသည်။

“ကျွန်မတို့ မိသားစုဟာ အရှင်လတ်လတ် ငရဲကျနေတာပါ။ ကျွန်မတို့က ဘာမှမတတ်နိုင်ဘူး။ တုန့်ပြန်ဖို့ အင်အားလည်း မရှိဘူး။ ကိုယ့်လူကို လွှတ်စေချင်တာပါ” ဟု မနီနီဆန်းက ဆိုသည်။

ဖမ်းဆီးခံရသူများအား ကန်စောက်နယ်မြေရဲစခန်းနှင့် ယိုးတရုတ်နယ်မြေရဲစခန်းများသို့ လွဲှပြောင်းအပ်နှံ၍ တရားဥပဒေအရ အရေးယူနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကပင် စတင်ဖြစ်ပွားခဲ့သော မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့တိုက်ပွဲများကြောင့် AA နှင့်ဆက်စပ်သည်ဟု သံသယဖြင့် ဖမ်းဆီးခံနေရသူ ၉၀ ကျော်ရှိကြောင်း တပ်မတော်ဘက်က ပြောဆိုထားသည်။ တပ်မတော်သည် ရခိုင်ကျေးရွာအချို့ကို AA တပ်ဖွဲ့ဝင်များ ဝင်ရောက်နေထိုင်သည်ဟု သံသယဖြင့် ဝင်ရောက်စစ်ဆေးမှုများရှိပြီး ရွာသားတစ်ချို့ကိုလည်း AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးမှုများရှိနေသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်က AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးစစ်ဆေးနေစဉ်အတွင်း သေဆုံးသူ စုစုပေါင်း (၁၅)ဦးအထိရှိလာသည်။ ထိုသို့ သေဆုံးမှုဖြစ်ပေါ်ခဲ့သဖြင့် ရခိုင်လူထုများနှင့် နိုင်ငံရေးပါတီများ၏ ဝေဖန်သံများမြင့်တက်လာပြီးနောက် စစ်ဆေးစဉ်သေဆုံးသွားသူများနှင့်ပတ်သက်ပြီး အမှန်အတိုင်းပေါ်ပေါက်စေရန် ဇူလိုင်လ ၁၂ ရက်နေ့မှစ၍ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းဆောင်ရွက်သွားမည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...