"သမ္မတဆီကို စာသွားတာက အခြေအနေတွေရှိတယ်။ ကာကွယ်ရေးဦးစီးချုပ်အနားယူဖို့ စာပို့တယ် ဆိုတာ ကျွန်တော်တို့တော့ မကြားသေးဘူးဗျ၊ လောလောဆယ်တော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့အရာပါ၊ လောလောဆယ် အချိန်ဆိုတာကိုတော့ ကျွန်တော်အနေနဲ့ ရှင်းပြလို့ မရဘူး" ဟု ၎င်းကဆိုသည်။
၂၀၁၅အထွေထွေရွေးကောက်ပွဲနီးကပ်လာသည်နှင့် တပ်မတော်မှ ကာချုပ်၊ ကာကွယ်ရေး ၀န်ကြီးအပါအဝင် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တို့က အရပ်ဖက်သို့ ပြောင်းရွေ့ကာ လွှတ်တော်ရွေးကောက်ပွဲွများသို့ ရွေးကောက်ခံရန် ပြင်ဆင်နေပြီဟု ပြည်တွင်းမီဒီယာများက ရေးသားကြသည်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပင်စင်ယူကာ အနားယူပါက သမ္မတထံသို့ စာတင်ပြ အကြောင်းကြားရမည့်အပြင် ပြည်ထောင်စုရာထူးဝင် အဖွဲ့သို့လည်း အသိပေးရမည်ဟု အစိုးရအဖွဲ့အကြီးအကဲများ အနားယူခြင်းနှင့် ပက်သက်ပြီး လုပ်ထုံးလုပ်နည်းကို ပြည်ထောင်စုရာထူးဝင်အဖွဲ့ ဒုတိယဝန်ကြီး ဦးမန်းမောင်မောင်ဉာဏ်က မေလ ၁၉ရက်တွင် မဇ္ဈိမကိုပြောသည်။
"ကျွန်တော်တို့ဆီ အခုထိ အကြောင်းကြားတာမရှိသေးဘူး၊ လုပ်ထုံးလုပ်နည်းအရဆိုရင် အသိတော့ ပေးရပါတယ်" ဟု ၎င်းကဆိုသည်။
၂၀၁၅အထွေထွေရွေးကောက်ပွဲအပြီး တပ်မတော်သားကိုယ်စားလှယ်များ ထောက်ခံချက်ဖြင့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတနေရာများသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တိုင်းတွင် ဖွဲ့စည်းပုံပါ အခွင့်အရေးရရှိထားသည်။
ကာကွယ်ရေးဦးစီးချုပ်ကို သမ္မတက ဒု- သမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ကာချုပ်နှင့် ဒု-ကာချုပ်အပြင်၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့ပါ၀င်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြံုရေး ကောင်စီ အဖွဲ့ဝင်များ၏ ထောက်ခံချက်ဖြင့် ခန့်အပ်ရခြင်းဖြစ်သည်
နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ အနားယူရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းထားသော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနားယူရန် ပြုလုပ်ရမည့် လုပ်ငန်းစဉ်များမှာ ပါဝင်ခြင်းမရှိပေ။







