တန်းတူအခွင့်အရေးမရသည့်အပေါ် ပမ္မတီး စစ်ရှောင်များ မေးခွန်းထုတ်

တန်းတူအခွင့်အရေးမရသည့်အပေါ် ပမ္မတီး စစ်ရှောင်များ မေးခွန်းထုတ်

တိုက်ပွဲကြောင့် မြစ်ကြီးနား ပမ္မတီး နယ်မြေ (၅)သို့ ထွက်ပြေးလာသော ကဆုန် စစ်ရှောင်များသည် တန်းတူအခွင့်အရေးမရဘဲ မိုးကာတဲဖြင့် ၁နှစ်ခန့် ခိုလှုံနေရဆဲအခြေအနေပေါ် မေးခွန်းထုတ်နေကြပါသည်။

မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ရှောင်စခန်း ၂၀ ကျော်တွင် ကိုယ်ပိုင်အဆောင်များဖြင့် နေထိုင်ခွင့်ရသော်လည်း အဆိုပါ ပမ္မတီး စစ်ရှောင်စခန်းတွင်မူ အထပ်ထပ် ဖားထေးထားသည့် မိုးယို မိုးကာတဲတွင် မိုးရာသီကို ကျော်ဖြတ်နေရကြောင်းပြောပါသည်။

“ကျနော်တို့ကို အစိုးရက သီးသန့် ထောက်ပံ့ပေးတာက မရှိသေးဘူး။ ဟိုမှာ(နမ္မတီး)က ရေလွှမ်းမိုးဒဏ်ကို မခံနိုင်လို့ အစိုးရကို တင်ပြပြီး ပြောင်းခဲ့တာဖြစ်တယ်။ အခုဆို ၁နှစ်ပြည့်တော့မယ်။ ပြီးရင် မိုးတွင်းလည်း ပြန်ရောက်လာနေပြီ။ ကျနော်တို့မှာ အဆောက်အဦးတွေလိုအပ်တယ်။ မြင်တဲ့အတိုင်း အားလုံးက မိုးကာတဲထိုးပြီး ဖြစ်သလိုနေကြတယ်။ မိုးရွာတဲ့အခါမှာလည်း နေပူတဲ့အခါမှာလည်း နေရထိုင်ရခက်တယ်။ စစ်ရှောင်ကူညီရေးအဖွဲ့တွေ ကိုလည်း တင်ပြထားတာတော့ရှိတယ်။ ဒါပေမယ့် အခုထိတော့လုပ်ဆောင်ပေးတာမရှိသေးဘူး။ သက်ဆိုင်ရာတွေ လာရောက်ကြည့်ရှု့စေချင်တယ်” ဟု စစ်ရှောင်တစ်ဦးဖြစ်သည့် ဦးလဒန်နော် ပြောဆိုသွားပါသည်။

မိုးကာတဲတွင်း မိုးယိုမှုနှင့် နေပူဒဏ်တို့ကြောင့် စခန်းတွင်းပြည်သူများ ကျန်းမာရေးချို့တဲ့မှုများ ကြုံတွေ့နေရကြောင်း ပြောပါသည်။

အစိုးရအနေဖြင့် အဆိုပါ စစ်ရှောင်များကို မထောက်ပံ့နိုင်ရခြင်းမှာ တရားဝင်စစ်ရှောင်စခန်း မဟုတ်သောကြောင့် ဖြစ်သည်ဟု ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးနေဝင်းက ပြောဆိုပါသည်။

“ပမ္မတီး စစ်ရှောင်စခန်းက အမှန်တိုင်းပြောရရင် မြို့ပေါ်က တရားဝင်စစ်ရှောင်စခန်းလည်း မဟုတ်ဘူးပေါ့နော်။ ဒီစစ်ရှောင်တွေ ပြောင်းရွှေ့လာတဲ့အချိန်က ဝန်ကြီးအရွှေ့အပြောင်း တွေလုပ်နေကြတယ်။ ကျနော်ကိုယ်တိုင်လည်း သိပ်မသိရသေးတာလည်းပါတယ်။ ဒါပေမယ့် သွားရောက်ထောက်ပံ့ပေးဖို့က ကြိုးစားနေပါတယ်”ဟု ပြောဆိုသည်။

လူမှုရေးဝန်ကြီးအနေနဲ့ ယခုလအတွင်း အဆိုပါ စစ်ရှောင်အတွင်း လိုအပ်နေသော စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့သွားမည်ဖြစ်ကြောင်းလည်း ဆက်လက်ပြောဆိုခဲ့သည်။

ထို့အပြင် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနမှလည်း ရေလောင်းအိမ်သာ ၃ ခု ကို လွန်ခဲ့သည့် အပတ်တွင် သွားရောက်ဆောက်လုပ်ပေးထားသည်ကို တွေ့ရပါသည်။

ယမန်နှစ် ဧပြီလ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၁ နယ်မြေတွင် တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် အဆိုပါစစ်ရှောင်များသည် နမ္မတီး အေဂျီဘုရားကျောင်းဝင်းတွင် ၃ လခန့် ခိုလှုံခဲ့ရာမှ ရေလွမ်းမိုးသည့်ဒဏ်ကြောင့် ယခုလက်ရှိ တိမ်းရှောင်နေသည့် ပမ္မတီး ရပ်ကွက်သို့ ပြောင်းလာခဲ့ခြင်း ဖြစ်ပါသည်။

သက်ဆိုင်ရာအစိုးရ၏ နှုတ်မိန့်ဖြင့် ရွှေ့ပြောင်းလာခြင်းဖြစ်သောကြောင့် စစ်ရှောင်အားလုံးနှင့် တန်းတူ အခွင့်အရေး ရရှိလိုကြောင်း ဆက်လက်ပြောဆိုသည်။

January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...
January 9, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာမှာ ဒေသခံတွေထိန်းသိမ်းထားတဲ့...
January 7, 2026
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသဖြစ်တဲ့ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်တွေမှာ...
January 7, 2026
ကသာမြို့လုံးကျွတ် နီးပါး ဘေးလွှတ်ရာကို စစ်ဘေးတိမ်းရှောင်နေကြရချိန် ဒေသခံတချို့ဟာ...