ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ နုတ်ထွက်သွားသဖြင့် လယ်ယာလုပ်ငန်းလုပ်ကိုင်သူများကို မြန်မာ့လယ်ယာစီးပွားရေးဘဏ်မှ ချေးငွေများ ထုတ်မပေးသောကြောင့် လယ်သမားများ အခက်အခဲဖြစ်နေကြသည်။
ဘဏ်ချေးငွေထုတ်ယူရာတွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးလက်မှတ် ပါရှိရမည်ဖြစ်သည်။ သို့သော် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်သွားသဖြင့် လက်မှတ်မပါဘဲ သွားချေးရာတွင် ထိုသို့ အခက်အခဲများပေါ်ပေါက်နေခြင်းဟု ပြောင်းဆိပ်ကျေးရွာက လယ်ယာလုပ်ငန်းလုပ်ကိုင်သူ ဦးအောင်ကျော်မြက ပြောသည်။
“ကျွန်တော်တို့မှာ ဘဏ်ချေးငွေရဖို့အတွက် အုပ်ချုပ်ရေးမှူးလက်မှတ်လိုတယ်။ အုပ်ချုပ်ရေးမှူးလက်မှတ် မရတာကြောင့် ထုတ်မရပါ။ မြေဆီ၊ ဓာတ်မြေသြဇာ၊ လယ်ယာမှာ ခင်းကျင်းဖို့အတွက် ဘဏ်ချေးငွေမရင်အ ခက်အခဲအများကြီးဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ဘဏ်က ငွေချေးရာတွင် လယ်ယာမြေပိုင်ဆိုင်မှု လက်မှတ် ပုံစံ(၇)ကို အစိုးရထံတွင် ပေါင်နှံပြီး ချေးယူခြင်းဖြစ်ကြောင်း၊ လယ်ယာမြေပိုင်ဆိုင်မှု ရှိ၊မရှိကိုလည်း မြေစာရင်းဌာနတွင် စစ်ဆေးခံရသည်။
ထို့အပြင် စိုက်ပျိုးရေးမြေ ဟုတ်၊ မဟုတ်၊ မြေလွတ် မြေရိုင်း ဟုတ်၊ မဟုတ်လည်း စစ်ဆေးခံရသည်။ ယင်းသို့ အဆင့်ဆင့်ကို ကျော်ဖြတ်ပြီးမှသာလျှင် ချေးငွေထုတ်ယူ၍ ရခြင်းဖြစ်သည်။ သို့သော် ယင်းအဆင့်များကို ကျော်ဖြတ်ပြီးသော်လည်း အုပ်ချုပ်ရေးမှူးလက်မှတ် မပါသောကြောင့် ငွေချေးယူရန် အခက်အခဲများဖြစ်နေခြင်းဟု ဒုက္ကန်ချောင်းကျေးရွာမှ ဦးဖြိုးဝေက ပြောသည်။
“အဲဒီလို အဆင့်ဆင့် လက်မှတ်တွေထိုးပြီးတော့မှ အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်သွားလို့ ဘဏ်ချေးငွေမပေးဆိုရင် ရခိုင်ပြည်မှာရှိတဲ့ လယ်သမားတွေကို တမင်သက်သက် နိုင်ငံရေးအမြင်တစ်ခုအနေနဲ့ နှိပ်ကွပ်တယ်လို့ မြင်တယ်” ၎င်းကပြောသည်။
တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပဲွဲဖြစ်ပွားနေသောကြောင့် တပ်မတော်ဘက်က အုပ်ချုပ်ရေးမှူးများကို ဖမ်းဆီးစစ်ဆေးမှုများရှိနေသဖြင့် အသက်အန္တရာယ် စိုးရိမ်ရသည်ဟုဆိုကာ ဇွန်လ (၇)ရက်နေ့က စတင်ပြီး မြို့နယ်အတွင်းက ရပ်/ကျေး အုပ်ချုပ်ရေးမှူးအားလုံးနီးပါး နုတ်ထွက်သွားကြသည်။







