ပြည်သူအခြေပြု ဒီမိုကရေစီစနစ်ကို အပြည့်အဝရရှိရန် ဖော်ဆောင်နေချိန်တွင် အစိုးရအနေဖြင့် သတင်းမီဒီယာ လွတ်လပ်ခွင့်အပြည့်အဝရရှိစေရန် ဆောင်ရွက်ပေးရမည်ဖြစ်သော်လည်း ပြည်သူများဒုက္ခရောက်ရှိနေသော မြို့နယ်များကို အင်တာနက်လိုင်းဖြတ်တောက်ခြင်းသည် စစ်မက်ဖြစ်ပွား ရာပြည်သူများအား ဒုက္ခတွင်းနက်သို့ ကျစေရန်တွန်းပို့ခြင်းကဲ့သို့ဖြစ်နေသည်ဟု ပြည်နယ် လွှတ်တော် အမတ် ဦးလှသိန်းအောင်က ပြောသည်။
အင်တာနက်လိုင်းများ ယာယီရပ်ဆိုင်းခံရသော မြို့နယ် (၈)မြို့နယ်ကို အင်တာနက်ဝန်ဆောင်မှု အမြန်ဆုံး ပြန်လည်သုံးစွဲခွင့်ပြုရန် ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် ပြည်နယ်အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုကို ရခိုင်ပြည်နယ်လွှတ်တော်တွင် ဇွန်လ ၂၄ ရက်နေ့မှာ မင်းပြားမြို့နယ်၊ပြည်နယ်လွှတ်တော်အမတ် ဦးလှသိန်း အောင်က တင်သွင်းခဲ့စဉ် ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မင်းပြားနှင့်မြေပုံမြို့နယ်တို့တွင် ဇွန်လ ၂၁ ရက်နေ့က စတင်ကာ အင်တာနက်ဖြတ်တောက်လိုက်ခြင်းဖြစ်ပြီး ယင်းဒေသများက ဒေသခံများ သည် စစ်၏ အနိဌာရုံံကို ခံစားနေကြရသည့်အချိန်တွင် ယခုကဲ့သို့လုပ်လိုက်ခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊အကြမ်းဖက်ခံရမှုများကို အားပေး၊အားမြှောက်ပြုရာရောက်သည်ဟု ၎င်းက ပြောကြား ခဲ့သည်။
“ အခု အင်တာနက်လိုင်းတွေကို ပိတ်လိုက်မယ်ဆိုရင် စစ်ဖြစ်နေတဲ့ မြေပြင်အနေအထားရဲ့ သတင်း တွေ ပိတ်သွားမယ်ဖြစ်သလို ပြည်သူတွေအပေါ် လူ့အခွင့်ရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်နှိပ်စက်မှုတွေ ပိုပြီးကျရောက် လာနိုင်တယ်။ ဒေသအတွင်းအစိုးရယန္တယားလည်း မြို့နယ်၊ ခရိုင်အဆင့် ဆက်သွယ်မှုတွေပြတ်တောက်လာနေတဲ့အတွက် ဒီဟာက မဖြစ်သင့်ဆိုပြီးတော့ အဆိုတင်သွင်းခဲ့တာပါ ” ဟု ဦးလှသိန်းအောင်က ပြောသည်။
စစ်မက်ဖြစ်ပွားနေသည့် ဒေသများကိုကွက်ပြီး အင်တာနက်ဖြတ်တောက်ခြင်း၏နောက်ကွယ်တွင် ဖြစ်ပေါ်လာ နိုင်သည့် အကြောင်းအရာများကို တွေးတောပြီး စစ်ပြေးဒုက္ခသည်များနှင့်ကျေးလက်နေပြည်သူများတို့အတွက် အလွန်စိုးရိမ်မိသည်ဟုလည်း ၎င်းကဆိုသည်။
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး၊နိုင်ငံရေး၊တရားဥပဒေစိုးမိုးရေး၊လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးတို့အတွက် ဆက်သွယ်ရေးလုပ်ငန်းသည် အလွန်အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်သည်။ ထိုမြို့နယ်များ၏ တည်ငြိမ်အေး ချမ်းရေးတို့အတွက် ဆောင်ရွက်မည်ဆိုလျှင် ဆက်သွယ်ရေးလုပ်ငန်းများကို ဖြတ်တောက်ခြင်းမပြုလုပ်ဘဲ ပိုမို အားကောင်းအောင်သာလျှင် ဆောင်ရွက်ရမည်ဖြစ်သည်ဟု ဦးလှသိန်းအောင်က ထောက်ပြခဲ့သည်။
အဆိုကို ထောက်ခံဆွေးနွေးခဲ့သူ ပြည်နယ်အမတ် ဦးထွန်းအောင်သိန်းကလည်း “အင်တာနက်လိုင်း မပိတ်ခင်တတည်းက ရခိုင်မှာ စစ်ဖြစ်နေတာ။ အဲဒီအခြေနေမှာ လူ့အခွင့်ရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုတွေကို ခံနေရတယ်။ အခုအင်တာနက်လိုင်းပိတ်လိုက်ခြင်းအားဖြင့် ပိုပြီးတော့ ဆိုးဝါးတဲ့ လူ့အခွင့်ရေးချိူးဖောက်မှုတွေ အကြမ်းဖက်မှုတွေဖြစ်လာမှာကို စိုးရိမ်ရလို့ ထောက်ခံဆွေးခဲ့တာပါ”ဟု ပြောသည်။
ရခိုင်ပြည်နယ်က မြို့နယ် (၈)မြို့အပြင် တိုက်ပွဲများဖြစ်ပွားနေသော ချင်းပြည်နယ်၊ပလက်ဝမြို့နယ်ကိုလည်း အင်တာနက်လိုင်းပိတ်ပင်ထားသည်။ထိုသို့ပိတ်ပင်လိုက်သောကြောင့် ရခိုင်ပြည်သူများနှင့် လူ့အခွင့်အရေးအဖွဲ့ အစည်းများက ဝေဖန်နေကြသည်။







