ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး သုံးပွင့်ဆိုင်ဆွေးနွေး

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး သုံးပွင့်ဆိုင်ဆွေးနွေး

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအတွက် NLD အစိုးရမှ ဖွဲ့စည်းပေးထားသည့် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး အထောက်အကူပြုကော်မတီ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရခိုင်ပြည်နယ်လွှတ်တော်တို့၏ သုံးပွင့်ဆိုင်တွေ့ဆုံပွဲကို ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဧည့်ရိပ်သာ အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

၎င်းတွေ့ဆုံဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှတို့အပါအဝင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီအဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်ဟု ရခိုင်ပြည်နယ် လွှတ်တော်မှ သတင်း ထုတ်ပြန်သည်။

ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးအေးသာအောင် မှ ရခိုင်ပြည်နယ် ဒေသတည်ငြိမ်အေးချမ်းရေး၊ စစ်ဘေးရှောင်ဒုက္ခသည်များအား အကူအညီပေးရေးကိစ္စရပ်များတွင် ရခိုင်ပြည်နယ်လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်လာပါက လက်ရှိအခြေအနေထက် ပိုမို အဆင်ပြေလာမည်ဖြစ်ပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုမှလည်း စစ်ဘေးရှောင်များ ကူညီရေးနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဆောင်ရွက်ထားရှိမှုများပြောကြားသည်ဟု ဆိုသည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှမှ ရခိုင်ပြည်နယ် ဒေသတည်ငြိမ်အေးချမ်းရေး၊ စစ်ဘေးရှောင်ဒုက္ခသည်များအား အကူအညီပေးရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လွှတ်တော်အနေဖြင့် အမြဲတမ်း ပူးပေါင်းပါဝင်လိုရန်ဆန္ဒရှိပါကြောင်း၊ ယင်းကိစ္စများနှင့်ပတ်သက်ပြီး အမြဲတမ်းတံခါးဖွင့်ထားပါကြောင်းဖြင့် အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ယင်းနောက် ဦးမောင်လှကျော်(ကျောက်တော်-၁)မှ မိုးရာသီလယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ တောင်သူ လယ်သမားများ စပါးစိုက်ပျိုးရာတွင် ကူညီပေးနိုင်ရေးနှင့်ပတ်သက်ပြီးတင်ပြ ပြောကြားသည်။

ဦးအောင်ဝင်း(မြေပုံ-၁)မှ စစ်ဘေးရှောင်များအား လူမှုအဖွဲ့အစည်းများမှ သွားရောက် အကူအညီ ပေးမှုများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အကူညီပေးနိုင်ရေးနှင့်ပတ်သက်ပြီးလည်းကောင်း၊ တိုက်ပွဲရှောင်စာရင်းဇယားများကောက်ယူရာတွင် စာရင်းဇယား လွှဲမှားနေမှုများကို တိကျစွာ ကြပ်မတ်နိုင်အောင်ဆောင်ရွက်ပေးရေးကိစ္စရပ်များအားလည်းကောင်း ပြောဆိုသည်ဟု သိရသည်။

ဦးဦးသန်းနိုင် (ရသေ့တောင်-၁)မှ ဒုက္ခသည်စခန်းများအား လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး အစရှိသည့် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရှိနိုင်သော နေရာသို့ပြောင်းရွှေ့ပေးနိုင်ရေးလည်းကောင်း၊ အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ငွေနှင့် ပစ္စည်းများ စစ်ဘေးရှောင်ပြည်သူများလက်သို့ အမှန်တကယ်ရောက်ရှိရေးနှင့် ပြည့်ဝစွာရောက်ရှိရေးနှင့် လည်းကောင်း ပြောကြားခဲ့သည်။

ဦးတင်မောင်ဝင်း(ရသေ့တောင်-၂)က ရခိုင်ပြည်နယ်တောင်ပိုင်း တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်၍ လည်းကောင်း အကြံပြုဆွေးနွေးခဲ့ကြသည်ဟု လွှတ်တော်မှ ထုတ်ပြန်သော သတင်းတွင် ဖော်ပြသည်။

အကြံပြုဆွေးနွေးချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူူးကြီးဖုန်းတင့်၊ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ သစ်တောနှင့်သတ္တုဝန်ကြီး ဦးကျော်လွင် တို့က ပြန်လည်ရှင်းလင်းခဲ့ပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးအေးသာအောင် မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်သည့် အဖွဲ့သည် ဇွန်လ ၁၈ ရက်နေ့က စစ်တွေမြို့သို့ လေကြောင်း ခရီးဖြင့် ရောက်ရှိခဲ့သည်။

Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...