ကချင်ပြည်နယ်အနောက်ဘက် လီဒိုလမ်းမပေါ် ကျေးရွာများတွင် ယုဇနကုမ္ပဏီနှင့် ဒေသခံတို့ကြား မြေယာပြဿနာကြောင့် ရုန်းရင်းဆန်ခတ်မှု အကြိမ်ကြိမ် ဖြစ်ပွားနေသောကြောင့် အစိုရအဖွဲ့အား အမြန်ဆုံး လာရောက် ဖြေရှင်းစေလိုကြောင်း ဒေသခံများ တောင်းဆိုနေကြပါသည်။
ဇွန်လ ၇ရက်နေ့ နှောင်းမီကျေးရွာတွင် ယုဇနကုမ္ပဏီဘက်မှ ဒေသခံများ လုပ်ကိုင်စားသောက်နေသော လယ်ယာမြေဧက ၁၀၀ ခန့်တွင် ဘက်ဟိုး၊ ထွန်စက်များဖြင့် ဝင်ရောက်လာသဖြင့် ဒေသခံ ၃၀ ဦးခန့်နှင့် ကုမ္ပဏီဘက်မှ ၁၅ ဦးခန့်က ပြသာနာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဆယ်စုနှစ်တစ်ခုအကြာ လီဒိုလမ်းတစ်လျှောက်က နှောင်းမီ ၊ ဝါရာဇွပ်၊ ရှဒူးဇွပ် ၊ ဘန်ကောက် နှင့် စံပြ ကျေးရွာများတွင် ပုံစံတူဖြစ်ပျက်နေသော ကုမ္ပဏီနှင့် ဒေသခံပြည်သူများကြား ပြဿနာများကို သက်ဆိုင်ရာတာဝန်ရှိသူများ အမြန်ဖြေရှင်းစေလိုကြောင်း နှောင်းမှီ အခြေခံလူထုဖွံ့ဖြိုးရေးအဖွဲ့ MRJ မှ ဦးဆိုင်းအောင်က KNG သတင်းဌာနကို ပြောဆိုပါသည်။
“ပြောရမယ်ဆိုရင် ယုဇနကုမ္ပဏီနဲ့ အခုလို ထိပ်တိုက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာက ဒီတစ်ခါနဲ့ဆိုရင် ၅ခါရှိပြီ။ အဓိကဖြစ်တဲ့ ပြသာနာ ဒေသခံပြည်သူတွေ လုပ်ကိုင်စားသောက်နေတဲ့ လယ်ယာမြေတွေကို စက်ယန္တရားတွေနဲ့ ဝင်ရောက် ထိုးကလော်ပေးတယ်။ ဒါကို ဒေသခံတွေက ကန့်ကွက်ရင်း ပြသာနာတွေထဖြစ်ခဲ့တယ်။ ဒါကြောင့် သက်ဆိုင်ရာ မြို့နယ်အဆင့်၊ ပြည်နယ်အဆင့် ကနေ အမြန်ဆုံး လာရောက်ဖြေရှင်းပေးရန် လိုအပ်နေပြီ” ဟုပြောဆိုခဲ့ပါသည်။
ဟူးကောင်းချိုင့်ဝှမ်းဒေသအတွင်း ယုဇနကုမ္ပဏီပိုင်အဖြစ် မြေ ဧက စုစုပေါင်း ၆သိန်းကျော် သိမ်းယူထားပြီး ၂သိန်းကျော်ကို လုပ်ငန်း အကောင်ထည်ဖော်နေတဲ့အတွက် အစိုရမှ တရားမျှတစွာ ဖြေရှင်းပေးရန် တောင်းဆိုနေကြပါသည်။
ထိုသို့ သိမ်းဆည်းခံ လယ်ယာမြေများကို ပြန်လည်ရရှိရန်အတွက် စီမံကိန်း စတင်လာသည့် ၂၀၀၇ ဖေဖော်ဝါရီလတွင် တောင်သူ ၈၀၀ ခန့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ တိုင်စာပို့ခဲ့ခြင်း၊ ၂၀၁၀ ဇူလိုင်လတွင် ကချင်ပြည်နယ်တရားရုံးသို့ ဦးတိုက်လျှောက်တရားစွဲဆိုခဲ့ခြင်း၊ ၂၀၁၃ သြဂုတ်လ နေပြည်တော်တွင် ယုဇနကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်နှင့်တွေ့ဆုံခဲ့ခြင်း နှင့်၂၀၁၄ ဇွန်လတွင် ရန်ကုန် မြို့ရှိ ယုဇနကုမ္ပဏီရှေ့တွင် တောင်သူ ၁၆ဦး ဆန္ဒဖော်ထုတ်ခဲ့ခြင်း စသည့် တောင်းဆို လှုပ်ရှားမှုများ ပြုလုပ်ခဲ့သော်လည်း ပြောင်လဲလာခြင်းမရှိခဲ့သေးဟု ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက် KDNG မှ တာဝန်ရှိသူ ဦး Lum Hkawng ပြောပါသည်။
၂၀၀၄ ခုနှစ်နှောင်းပိုင်း ဟူးကောင်းချိုင့်ဝှမ်းဒေသတစ်လျှောက် ဒေသခံပြည်သူများ၏ လယ်ယာမြေကို အစိုးရက ကျားထိန်းသိမ်းရေနယ်မြေအဖြစ် သတ်မှတ်လိုက်ပြီးနောက် ၂၀၀၇ခုနှစ်ကစပြီး ဘေးမဲ့တော သတ်မှတ်ထားသည့် နေရာများတွင် ယုဇနကုမ္ပဏီမှ ပီလောပီနံ စိုက်ခင်းများ စတင် ပြုလုပ်လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများမှ သိရသည်။







