တပ်မတော် စစ်ကြောင်းတစ်ခုသည် ဇွန်လ ၁၃ ရက်၊ညနေ ၃ နာရီကျော်အချိန်ခန့်က ပန်းမြောင်း ကျေးရွာ ဘက်မှ မြောက်ဦးမြို့သို့လာစဉ် ရွာဟောင်းတောကျေးရွာအတွင်းသို့ ပစ်ခတ်လိုက်မှုကြောင့် ဒေသခံ (၄) ဦး ကျည်ထိမှန်၍ ဒဏ်ရာရရှိသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ ရွာထဲလမ်းကြောင်းတစ်လျောက် တပ်မတော်ကပစ်တာပါ။ လက်နက်ကြီးကျည်ထိမှန်တဲ့အတွက် ရွာအတွင်းနေအိမ်တွေ စာသင်ကျောင်းမှာလည်း ထိမှန်ပါတယ်။ ဒဏ်ရာရသူတွေကို အခုဆေးရုံပို့ဖို့ လုပ်နေပါတယ် ” ဟု မြောက်ဦးမြို့နယ်၊ရွာဟောင်းတော ကျေးရွာသားတစ်ဦးက DMG ကို ပြောသည်။
ယင်းအပြင် ဒဏ်ရာရရှိသူများကို ကယ်ထုတ်ရန် ရောက်ရှိနေသည့် မြောက်ဦးမြို့ မြို့ဦးဂေါင်းဆရာတော်၏ ကား တစ်စီးလည်း ပစ်ခတ်ခံရမှုကြောင့် ကားမှန်များ၊ဘီးများပျက်စီးသွားသည်။
ဒဏ်ရာရရှိသူများကို မြောက်ဦးမြို့သို့ပို့ဆောင်ရန် အစောပိုင်းက ကြိုးပမ်းခဲ့သော်လည်း တပ်မတော် ကားများ လမ်းတွင်ရပ်နားထားသဖြင့် လူနာတင်ယာဉ်များမလာရဲကြခဲ့ပေ။သို့သော် နောက်ပိုင်းတွင်ဒဏ်ရာရလူနာ (၃) ဦးကို ဆေးရုံသို့ပို့ဆောင်နိုင်ခဲ့သည်။
ယနေ့ ၊ညနေပိုင်းက ယင်းနေရာအနီးတွင် တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲတိုက်ခိုက်မှုခံရသဖြင့် အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊မိမိတို့အနေဖြင့် ရွာဟောင်းတောရွာကို ရည်ရွယ်ပြီး ပစ်ခတ်ခြင်းမဟုတ်ကြောင်း၊ မိုင်းဆွဲသည့်အဖွဲ့ရှိသည့်နေရာကိုသာ ပစ်ခတ်ခြင်းဖြစ်သည်ဟု အနောက်ပိုင်းစစ်ဌာနချုပ်ဗိုလ်မှူးကြီး ဝင်းဇော်ဦးက DMG ကိုပြောသည်။
“ ကျွန်တော်တို့တပ်က အုပ်ချုပ်မှုကိစ္စ ၊အဲဒီဘက်ကို သွားလုပ်တော့ ညနေ ၄ နာရီလောက်မှာ ရွာဟောင်းတောဘက်က မိုင်းသုံးလုံးခွဲတိုက်တယ်။ အဲဒီမှာ အပြန်လှန်ပစ်ခတ်မှုြုဖစ်တယ်။ ကျွန်တော်တို့က ရွာဟောင်းတောဆိုပြီးပစ်တာမဟုတ်ဘူး။ စောင့်ကြိုပြီးမိုင်းဆွဲတိုက်ခိုက်တဲ့နေရာ အဲဒီအဖွဲ့တွေရှိတဲ့နေရာကို ပစ်တယ်။အဲဒါပါပဲ ထိခိုက်ဒဏ်ရာရတယ်ဆိုတာကတော့ ကျွန်တော်လည်းမသိဘူး။ ကျွန်တော်တို့ကိုပစ်လို့ ပစ်တဲ့နေရာကို ပြန်ပစ်တာ ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးကပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)၏ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခကို ဆက်သွယ်ရာတွင် ဖုန်းပိတ် ထားသဖြင့် အဆက်အသွယ်မရရှိခဲ့ပေ။
ဓာတ်ပုံ-ကိုဇော်ထွန်း







