ရခိုင်အမျိုးသားပါတီ(ANP)၏ ဒုတိယအကြိမ်ဗဟိုညီလာခံ ကျင်းပပြီးနောက်တွင် ပါတီမှ နှုတ်ထွက်ခွင့်ပေးရန် တင်ပြသူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နှစ်ဦးရှိလာသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှ ဦးခင်မောင်လတ်နှင့် မဲဆန္ဒနယ် အမှတ်(၄)မှ ဦးကျော်ကျော်တို့သည် မိမိတို့သည် ပါတီနှင့်ကင်းကွာနေသည်ဟု အကြောင်းပြချက်ပေးကာ ဇွန်လ ၆ ရက်နေ့က နှုတ်ထွက်စာတင်ခဲ့ကြသည်။
မိမိသည် မြို့နယ်ပါတီနှင့် ၂ နှစ် ကင်းကွာနေပြီဖြစ်ကြောင်း၊ ပါတီဌာနချုပ်၊ ပါတီပုံမှန်အစည်းအဝေးများနှင့်လည်း တစ်နှစ်ကျော်ကြာ ကင်းကွာနေပြီဖြစ်ကြောင်း၊ ထို့ပြင် မေလနောက်ဆုံးပတ်က ကျင်းပခဲ့သည့် ပါတီဗဟိုညီလာခံကိုလည်း မတက်ရောက်နိုင်ခဲ့ပေ။ ထို့ကြောင့် နှုတ်ထွက်ခွင့်ပြုရန် တောင်းခံအပ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က သူ၏ နှုတ်ထွက်စာတွင် ရေးသားထားသည်။
အလားတူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ကလည်း ပါတီ၏လုပ်ဆောင်ချက်အချို့နှင့် ပတ်သက်၍ သဘောထားမတိုက်ဆိုင်မှုများ ရှိနေခဲ့ကြောင်း၊ ပါတီနှင့်ကင်းကွာနေသည်မှာ တစ်နှစ်ကျော်ကြာနေပြီ ဖြစ်သည်။ သို့သော် လစဉ်ပုံမှန်ရန်ပုံငွေနှင့် အခြားရန်ပုံငွေကြေးများကို မပျက်မကွက် ပေးသွင်းခဲ့ပြီး ပါတီညီလာခံကျင်းပသည်အထိ စောင့်ဆိုင်းနေခဲ့သည်။ သို့သော်လည်း ပါတီညီလာခံကို မတက်ရောက်ဖြစ်ခဲ့သဖြင့် ပါတီအတွက်လည်း အသုံးမဝင်၊ အကျိုးမရှိ မိမိအတွက်လည်း အဓိပ္ပာယ်မရှိသဖြင့် ပါတီမှ နှုတ်ထွက်ခွင့်ပြုရန် တောင်းခံအပ်သည်ဟု နှုတ်ထွက်ခွင့်စာတွင် ရေးသားထားသည်။
မကြာသေးခင်က ပြုလုပ်ခဲ့သည့် ပါတီညီလာခံတွင် ရခိုင်အမျိုးသားပါတီကိုယ်စားပြု၍ အနိုင်ရရှိခဲ့သည့် လွှတ်တော်အမတ်များသည် လွှတ်တော်သက်တမ်း (၅) နှစ်အထိ ပါတီဝင်အဖြစ် ရှိနေရမည်ဖြစ်ပြီး လွှတ်တော်သက်တမ်း မကုန်မီ မည်သူ့ကိုမှ နှုတ်ထွက်ခွင့်ပေးမည် မဟုတ်ဟု ဆုံးဖြတ်ချက်ချခဲ့ကြသည်ဟု ပါတီအထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။







