တပ်မတော်က စစ်ဆေးရန် ရောက်ရှိနေသောကြောင့် စစ်ဘေးရှောင်များစိုးရိမ်မှုရှိနေ

တပ်မတော်က စစ်ဆေးရန် ရောက်ရှိနေသောကြောင့် စစ်ဘေးရှောင်များစိုးရိမ်မှုရှိနေ

စစ်ဘေးရှောင် (၈၀၀)ခန့် ခိုလှုံလျက်ရှိသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင်ကျေးရွာ ဘုန်းကြီးကျောင်းကို တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်တို့က စစ်ဆေးရန်ရောက်ရှိနေသောကြောင့် စစ်ဘေးရှောင်များမှာ စိုးရိမ်မှုများရှိနေကြသည်ဟု စစ်ဘေးရှောင်စခန်းတာဝန်ခံ ဆရာတော် ဦးအာရက္ခက မိန့်ကြားသည်။

အင်အား (၅၀)ခန့်ပါဝင်သည့် တပ်ဖွဲ့ဝင်များသည် ယနေ့ ဇွန်လ ၁၀ ရက်နေ့၊ နံနက် ၉ နာရီကျော်က ရွာသို့ရောက်ရှိလာကာ စစ်ဘေးရှောင်စခန်းကို အထက်အမိန့်အရ ဝင်ရောက်စစ်ဆေးမေးမြန်းရန်ရှိသည် ဟူသည့် အကြောင်းပြချက်ဖြင့် ရောက်ရှိလာခြင်းဟု ဆရာတော်က မိန့်သည်။

“စစ်တပ်အင်အား ၅၀ ကျော်လောက်နဲ့ ရဲသား ၆ ဦးလောက်ပါတဲ့အဖွဲ့က မနက် ၉ နာရီကျော်လောက်က ဒီဘုန်းကြီးကျောင်းကို လာပြီးတော့ အထဲကိုဝင်ပြီး စစ်ဆေးချင်တယ်လို့ပြောတယ်။ စစ်ဆေးလို့တော့ရတယ်။ ဒါပေမယ့် ယူနီဖောင်းဝတ်ပြီးတော့ အထဲကိုဝင်ခွင့်မပေးဘူးလို့ ပြောလိုက်ပါတယ်။ အရပ်ဝတ်နဲ့ပဲ လာပါလို့ပြောလိုက်တယ်” ဟု ဆရာတော် ဦးအာရက္ခက မိန့်သည်။

ထို့ကြောင့် တပ်မတော်က စစ်ဘေးရှောင်စခန်းသို့ ဝင်ရောက်ခြင်းမပြုခဲ့ပေ။ သို့သော် ရွာက ဆုတ်ခွာခြင်းမရှိသေးပဲ လက်ရှိအချိန်အထိ ဘုန်းကြီးကျောင်းအနီးနှင့် တောင်ကုန်းတို့တွင် ရှိနေဆဲဟု ဆရာတော်က ညနေ ၅ နာရီခန့်တွင် မိန့််သည်။

“လောလောဆယ်မှာတော့ ကျောင်းထဲကိုဝင်ခွင့်မရလို့ ကျောင်းပြင်ပ ဘေးပတ်လည်လည်ကို ဝိုင်းပြီး စခန်းချထားတယ်။ ရွာထဲကို ဟိုနားတစ်စု သည်နားတစ်စု ဝိုင်းထားတယ်” ဟု ၎င်းက  မိန့်သည်။

ယင်းစစ်ဘေးရှောင်စခန်းတွင် အမျိုးသမီး၊ ကလေးငယ်များ အများဆုံး ခိုလှုံနေခြင်းဖြစ်ပြီး စိုးရိမ်မှုများရှိနေသည်ဟု ဆရာတော်က မိန့်ဆိုသည်။

“ညကျလာရင်တော့ ဘာဖြစ်လာမလဲဆိုတာကို မသိသေးဘူးပေ့ါ။ လက်ရှိစစ်ဘေးရှောင်တွေက တိုက်ပွဲဖြစ်ပွားနေရာအနီးတွေက အကြောက်တရားနဲ့ ပြေးလာတာ။ အခုလည်း စစ်ဘေးရှောင်ကျောင်းထဲကိုထိ ဝင်စစ်ဆေးမယ်ဆိုတော့ အကြောက်တရားတွေရှိကြပါတယ်။ ဒါပေမယ့် လောလောဆဲမှာ ဦးဇင်းတို့က မကြောက်ဖို့ပြောထားတယ်” ဟု ၎င်းက မိန့်သည်။

တစ်ချို့ကလည်း တပ်မတော်က ထိန်းသိမ်းစစ်ဆေးနေစဉ် လူ(၇) ဦးသေဆုံးခဲ့သည့် ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာက ဖြစ်စဉ်ကဲ့သို့ ဖြစ်ပွားမည်ကို စိုးရိမ်မှုများရှိနေကြသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ခဲ့ရာ မအားသေးကြောင်း၊ တပ်မတော် သတင်းမှန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ရာတွင် ဖုန်းလက်ခံဖြေကြားခြင်း မရှိသောကြောင့် တပ်မတော်၏ တုန့်ပြန်ချက်ကို မရရှိခဲ့ပေ။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...