ဖားအံမြို့တွင် ရုက္ခဗေဒ ဥယျာဉ်တစ်ခု တည်ဆောက်သွားမည်

ဖားအံမြို့တွင် ရုက္ခဗေဒ ဥယျာဉ်တစ်ခု တည်ဆောက်သွားမည်

ကရင်ပြည်နယ် ဖားအံမြို့အတွင်းရှိ ဖားမဲတောင်တွင် အများပြည်သူ လေ့လာ၊ အပန်းဖြေနိုင်သည့် နေရာတစ် ခုဖြစ်လာမည့် နိုင်ငံတကာအဆင့်မီ ရုက္ခဗေဒဥယျာဉ်တစ်ခု တည်ဆောက်ရန် အစီအစဉ်ရှိကြောင်း ကရင်ပြည် နယ်အစိုးရအဖွဲ့ဝင်တစ်ဦး၏ ထုတ်ဖော်ပြောဆိုချက်အရ သိရသည်။

ရုက္ခဗေဒဥယျာဉ် တည်ဆောက်မည့်အစီအစဉ်နှင့်ပတ်သက်၍ ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့က ပြုလုပ်သည့် ပြည်နယ်အစိုးရအဖွဲ့၏ တတိယ (၁)နှစ်တာကာလဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲတွင် ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

အကောင်အထည်ဖော်ရန်ရှိသည့် ရုက္ခဗေဒဥယျာဉ်ကို ဒေသခံပြည်သူများ အပန်းဖြေနိုင်ရန်အပြင် ခရီးသွား ဧည့်သည်များဝင်ရောက်နိုင်ရန်အတွက် ရည်ရွယ်တည်ဆောက်ခြင်းဖြစ်ပြီး ၎င်းမှာ ကရင်ပြည်နယ်တွင် ပထမ ဆုံးဖြစ်လာမည့် နိုင်ငံတကာအဆင့်မီ ရုက္ခဗေဒဥယျာဉ်တစ်ခုလည်း ဖြစ်သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ကရင်ပြည်နယ် စည်ပင်ညွှန်ကြားရေးမှူး ဦးစိုးမြင့်က“ဥယျာဉ်ဆောက်ဖို့အတွက် တင်ဒါခေါ်တဲ့အချိန်မှာ တင်ဒါလာလျှောက်တာ တစ်ဦးတည်းရှိတဲ့အတွက် သူ့ကို တင်ဒါစိစစ်ရေးရွေးချယ်အဖွဲ့က ရွေးလိုက်တယ်။ တင်ဒါ ချထားပြီးတဲ့နောက် Project စနိုင်ဖို့ အခုချိန်ထိ ကုမ္ပဏီနဲ့ အစိုးရက စာချုပ်မ ချုပ်ရ သေးဘူးဆိုတော့ စီမံကိန်းက မစရသေးဘူး။ အခု သူတို့ Survey (စစ်တမ်း)လုပ်တုန်းပဲရှိသေးတယ်။ စာချုပ် ချုပ်ပြီး သွားရင်တော့ ၂၀၂၀ လောက်မှ လုပ်ငန်းစီမံကိန်းစနိုင်လောက်မယ်” ဟု ယနေ့(ဇွန်လ ၁၁ ရက်)တွင် ကေအိုင်စီသို့ ပြောသည်။

ရုက္ခဗေဒဥယျာဉ်ဆောက်လုပ်ရန်အတွက် Ban Thein Co.,Ltd ကုမ္ပဏီမှ ၂၀၁၈ ခုနှစ်တွင် တင်ဒါအောင်မြင်ခဲ့ ခြင်းဖြစ်ပြီး ယင်းစီမံကိန်းကို BOT (Build, Operate and Transfer) စနစ်ဖြင့် နှစ်၃၀ စာချုပ်ချုပ်ဆို မည်ဖြစ် ကာ ဖားမဲတောင်မြေနေရာ အကျယ်အဝန်း ၁၂ ဧက အသုံးပြုမည်ဖြစ်သည်ဟု သိရသည်။

ထိုအပြင် ဥယျာဉ်အတွင်း သစ်ခွနည်းပညာစိုက်ပျိုးရေးသင်တန်းကျောင်း၊ သဘာဝအခြေခံ အားကစားဇုံ၊ ကရင်ပြည်နယ် ထွက်အော်ဂဲနစ်စားသောက်ကုန်ဆိုင်များ ၊ ရိုးရာစား သောက်ဆိုင်နှင့် ရိုးရာဝတ်စုံဆိုင် များအပြင် View Point (မြင်ကွင်း)နေရာနှင့် အပန်းဖြေနေရာများလည်း ပါဝင်မည်ဖြစ်သည်။

ဖားမဲတောင်ပေါ်တွင် လက်ရှိအစိုးရ တာဝန်မယူစဉ်ကာလက KTV ကာရာအိုကေခန်းများတည်ဆောက်ကာ ဖွင့်လှစ်အသုံးချမှုများရှိခဲ့သော်လည်း ယခု အဆိုပါတောင်ပေါ်တွင် ရေသိုလှောင်ကန် တစ်ခုတည်းသာ ထားရှိ ကာ ဖားအံမြို့အား ရေပေးဝေလျက်ရှိသည်ဟု သိရသည်။

Most read this week

Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...