အွန်လိုင်းမှ လျှပ်စစ်မီတာခပေးသွင်းနိုင်သည့်စနစ် လေးလအတွင်းအကောင်အထည်ဖော်နိုင်ရန်ကြိုးပမ်းနေ

အွန်လိုင်းမှ လျှပ်စစ်မီတာခပေးသွင်းနိုင်သည့်စနစ် လေးလအတွင်းအကောင်အထည်ဖော်နိုင်ရန်ကြိုးပမ်းနေ

အွန်လိုင်းမှလျှပ်စစ်မီတာခပေးသွင်းနိုင်မည့်စနစ်ကို လေးလအတွင်းအကောင်အထည် ဖော်နိုင်တော့မည်ဖြစ်ကြောင်း မွန်ပြည်နယ် လျှပ်စစ် ၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးလှထွန်း ကပြောသည်။

လျှပ်စစ်ဓာတ်အားသုံးစွဲခကို လက်ရှိကောက်ခံနေသည့်စနစ်အရ ဝန်ထမ်းအင်းအားမလုံလောက်ခြင်း၊ မီတာခများကို ခန့်မှန်းဖတ်ရှုရတာကြောင့် တွက်ချက်မှုမမှန်ကန်ခြင်း တို့ကို ပြည်သူများက ရင်ဆိုင်နေကြရသဖြင့်ပြောင်းလဲရန် ရည်မှန်းခြင်းလည်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ အွန်လိုင်းငွေချေစနစ်နှင့် မီတာဘေဆောင်နိုင်ရန် စီမံချက်ချ၍ လုပ်ဆောင်နေပြီးဖြစ်တာကြောင့် လေးလအတွင်း ရလဒ်ထွက်မည်ဖြစ်ကြောင်း ဝန်ကြီးကပြောသည်။

“ မီတာခကို အွန်လိုင်းကနေပေးသွင်းနိုင်ဖို့ စီမံချက်ချပြီးလုပ်နေတယ် ဒီစီမံချက်ကနှစ်နဲ့ချီပြီး မကြာပါဘူး သုံးလေးလအတွင်း ရလဒ်ထွက်ပါလိမ့်မယ် “ လျှပ်စစ် ၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးလှထွန်း ကပြောသည်။

မီတာခဖတ်သည့်ဝန်ထမ်းအင်အားမလုံလောက်မှုကြောင့် မီတာဖတ်သူများမှ အိမ်တိုင်ရာရောက်ဖတ်ရှုခြင်းမရှိဘဲ ခန့်မှန်းဖတ်ရှု၍တွက်ချက်တာကြောင့် မီတာခကို ကျသင့်သည်ထက်ပိုမိုပိုဆောင်နေရသည်များလည်း ရှိသည်။

“မီတာစာရေးတစ်ယောက်ကို တာဝန်ပေးထားတာက တစ်ယောက်ကို မီတာအလုံး (၈၀၀၀)ဖတ်ရှုဖို့ပါ ဝန်ထမ်းအင်အားမလုံလောက်တာရယ် ဖတ်ရမယ့်ဧရိယာအလွန်ကျယ်ပြန့်တာကြောင့် မနိုင်ဝန်ထမ်းနေရပါတယ်” ဟု လျှပ်စစ် ၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးလှထွန်း ကပြောသည်။

အွန်လိုင်းမှလျှပ်စစ်မီတာခပေးသွင်နိုင်မည့်စနစ်ကို အကောင်အထည်ဖော်နိုင်ပါက မီတာခအား ခန့်မှန်းဖတ်ရှုနေသည့် ပြသနာမှာပျောက်ကွယ်သွားမှာဖြစ်ပြီး ပြည်သူများမှ ငွေကြေးနစ်နာမှုများရှိမည် မဟုတ်တော့ကြောင်း ဝန်ကြီးကဆိုသည်။

မွန်ပြည်နယ်(၁၀)မြို့နယ်တွင် လျှပ်စစ်ဓာတ်အားသုံးစွဲသူ တစ်သိန်းကိုးသောင်းကျော်ရှိသည့်အနက် မီတာခကို ကားဖြင့်လှည့်လည်ကောက်ခံရာတွင် မီတာခပေးဆောင်သူ သုံးသောင်းကျော်ရှိပြီး ကျန်သူများမှာ ဌာန၏ငွေကောက်ကောင်တာများတွင် လာရောက်ပေးဆောင်နေသူများဖြစ်သည်ဟု သိရသည်။

သထုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ တင်သွင်းခဲ့သော လျှပ်စစ်မီတာခကို Online (သို့) Mobile App ဖြင့်ပြောင်းလဲကောက်ခံရန် တိုက်တွန်းကြောင်းအဆိုကို မေလ(၆)ရက်နေ့က ကျင်းပခဲ့သော မွန်ပြည်နယ်လွှတ်တော်အစည်းဝေးတွင် အတည်ပြုထားသည်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...