ရခိုင်မြောက်ပိုင်းတွင် ကျည်ထိ၍ လူတစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရ

ရခိုင်မြောက်ပိုင်းတွင် ကျည်ထိ၍ လူတစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရ
ဓာတ်ပုံ - ဇောင်း(ပုဏ္ဏားကျွန်း) | ဂဏန်းမဲရွာမှ ဒဏ်ရာရရှိသူများအား စစ်တွေဆေးရုံသို့ သယ်ဆောင်လာစဉ်
ဓာတ်ပုံ - ဇောင်း(ပုဏ္ဏားကျွန်း) | ဂဏန်းမဲရွာမှ ဒဏ်ရာရရှိသူများအား စစ်တွေဆေးရုံသို့ သယ်ဆောင်လာစဉ်

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ မြောက်ဦးမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် ဇွန်လ ၅ ရက်နေ့က ကျည်ထိမှန်ပြီး အသက် (၄၀)အရွယ် လူတစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိသွားသည်။

ပုဏ္ဏားကျွန်း၊ ဂဏန်းမဲကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မည်သည့်ဘက်က ပစ်လိုက်မှန်း မသိသော လက်နက်ကြီးကျည်တစ်လုံးသည် ရွာထဲသို့ကျရောက်ကာ ပေါက်ကွဲသွားသောကြောင့် အသက် ၄၀ အရွယ် ဦးစိန်ထွန်းဆိုသူ သေဆုံးသွားပြီး ဦးအင်္ဂါအောင်၊ ဒေါ်ဆီးတူနှင့် သူ့သမီး မခိုင်ဦးတို့မှာ ဒဏ်ရာရရှိသွား သောကြောင့် စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။

ယင်းရွာအနီးတွင် လွန်ခဲ့သည့် သုံးရက်ခန့်ကစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇွန်လ ၅ ရက်နေ့ နေ့လည် ၂ နာရီတွင် တိုက်ပွဲဖြစ်ပွားကာ ညနေ ၄ နာရီခန့်တွင် ရွာထဲသို့ ကျည်ဆန်ထိမှန်လာသောကြောင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု ဒဏ်ရာရရှိသူ ဦးအင်္ဂါအောင်က ပြောသည်။

အလားတူ မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာတွင်လည်း ကျည်ဆန်ထိမှန်မှုကြောင့် အသက် (၆၀)ကျော်အ ရွယ် အမျိုးသမီးတစ်ဦးဒဏ်ရာရရှိသွားပြီး မြောက်ဦးဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။

ယင်းနေ့က တပ်မတော်သားများသည် ရွာအနီးသို့လာရောက်ကာ ပစ်ခတ်ခဲ့သောကြောင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု မိသားစုနှင့်နီးစပ်သည့် အမည်မဖော်လိုသူတစ်ဦးက ပြောဆိုသည်။

“ရွာနားမှာ တိုက်ပွဲလည်းမဖြစ်ဘူး။ သူတို့မှာ ဘယ်ကဖြစ်လာတာလဲဆိုတာ ကျွန်မတို့ ခန့်မှန်းမရပါ။ ရွာနားရောက်တာနဲ့ သူတို့(တပ်မတော်)က ပစ်ပါတယ်။ စစ်သားတွေ ပစ်ပြီးရင် တန်းပြီးသွားကြတာကိုလည်း မြင်လိုက်တယ်။ ကျည်ဆန်တွေပစ်တာ အဆက်မပြတ်ပဲ” ဟု အဆိုပါ အမည်မဖော်လိုသူက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းထံ ဆက်သွယ်ခဲ့ရာ ဖုန်းကိုင်ဖြေဆိုခြင်းမရှိပေ။ အလားတူ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးထံ ထပ်မံဆက်သွယ်ရာတွင် သူ့တပည့်ဆိုသူက “အဘ လူကြီးတွေနဲ့ စကားပြောနေတယ်”ဟု ဆိုသောကြောင့် တုန့်ပြန် ပြောဆိုမှုကို မရရှိခဲ့ပေ။

ကျည်ထိမှန်မှုကြောင့် ဝေသာလီကျေးရွာက နေအိမ်တစ်ချို့တွင် ခေါင်မိုးများပွင့်ထွက်သွားပြီး ဒေသခံတစ်ချို့လည်း စိုးရိမ်ကြောက်လန့်သောကြောင့် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင် သွားကြသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှု တစ်နေ့ထက်တစ်နေ့ ပြင်းထန်လာပြီး တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် နီးစပ်သည့်ကျေးရွာများက ဒေသခံများမှာ သေဆုံး၊ဒဏ်ရာရရှိမှု အရေအတွက်မြင့်လာသည်။ သို့သော် မည်သူပစ်ခတ်မှုကြောင့် သေဆုံး၊ဒဏ်ရာရရှိသည်များကို မည်သည့်ဖက်ကမှ ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ အငြင်းပွားဖွယ်ရာ အခြေအနေတွင်သာ ရှိနေသည်။

တိုက်ပွဲအရှိန် မြင့်တက်လာသောကြောင့် စစ်ဘေးရှောင်ဦးရေမှာလည်း လေးသောင်းခန့်အထိ ရှိလာကာ စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်လာသည်။ စစ်ပွဲများရပ်စဲပြီး နိုင်ငံရေးစားပွဲဝိုင်းတွင် အမြန်ဆုံး အဖြေရှာဆွေးနွေးကြရန် နိုင်ငံရေးပါတီများနှင့် အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုနေကြသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...