နမ်ဆန်ယန် စစ်ရှောင်နေရပ်ပြန် စာသင်ကျောင်းတွင် တာဝန်ထမ်းဆောင်ရန် ဆရာ/မ ၁၃ ဦးကို စေလွတ်

နမ်ဆန်ယန် စစ်ရှောင်နေရပ်ပြန် စာသင်ကျောင်းတွင် တာဝန်ထမ်းဆောင်ရန် ဆရာ/မ ၁၃ ဦးကို စေလွတ်
Photo-KNG
Photo-KNG

ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာ ပထမအကြိမ် နေရပ်ပြန် အစိုးရကျောင်းတွင် တာဝန်ထမ်းဆောင်ရန် ပညာရေးဝန်ထမ်း ကျောင်းဆရာ/ဆရာမ ၁၃ဦးကို ဇွန်လ ၆ရက်နေ့ ယနေ့ နံနက်ပိုင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ သွားရောက် ပို့ဆောင်ခဲ့ပါသည်။

“ကျနော်တို့ အဓိတော့ ပြည်နယ်ပညာရေးမှူး ညွန်ကြားချက်အရပေါ့။ အခုဖွင့်မယ့် နမ်ဆန်ယန် ကျောင်းမှာ တာဝန်ထမ်းဆောင်မယ့် ကျောင်းဆရာ ၁၃ဦးကို သွားရောက်ပို့ပေးတာပါ။ သူတို့က ကျောင်းသား ၂၀၀ခန့်ကို သွားရောက်သင်ကြားမှာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ရွာရှိရင် ကျောင်းရှိရမယ်။ ကျောင်းသားရှိရင် သင်ကြားတဲ့ ဆရာတွေရှိရမယ်။ ဒီလိုနဲ့သွားတာပါ” ဟု မြို့နယ် ဒုပညာရေးမှူး ဦးဝင်းလှ ပြောဆိုပါသည်။

လက်ရှိ နမ်ဆန်ယန်ကျေးရွာတွင် နေရပ်ပြန် အိမ်ထောင်စု ၁၀၀ ခန့် ရှိလာပြီး လူဦးရေ ၅၀၀ ခန့် ရှိနေပြီ ဖြစ်ကြောင်း သိရပါသည်။

ထို့အပြင် စာသင်ကြားခံယူရန် စားရင်းသွင်းထားသူ အများစုမှာလည်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေ တွင် ခိုလှုံနေသော စစ်ရှောင် ကျောင်းသူ/သား များ ဖြစ်ကြောင်း သိရပါသည်။

နေအိမ် မပြင်ဆင်နိုင်သေးသော သူများအတွက် ကျေးရွာ ကတ်သလစ်ဘုရားကျောင်းတွင် စိန်ပေါလ် ကလေးဘော်ဒါဆောင် ဖွင့်ထားပြီး၊ ကျောင်းဆရာ/မ များကိုလည်း ကျေးရွာအတွင်း နေရာချထားမည်ဟု သိရပါသည်။

ယခုဖွင့်လှစ်မည့် အလက နမ်ဆန်ယန်ကျောင်းသည် ၂၀၁၁ ခုနှစ် ကချင်လွတ်လပ်ရေးတပ်မတော် နှင့် အစိုးရတပ်တို့ တိုက်ပွဲ စတင်ဖြစ်ပွားချိန် စွန့်ခွာခဲ့ရာမှ ၈ နှစ်အကြာမှသာ ပြန်လည် ဖွင့်လှစ်နိုင်ခြင်း ဖြစ်ပါသည်။

May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...
May 11, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဧပြီလတစ်လအတွင်းယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦးအနက်...