ထုတ်ပြန်ချက်အပြည့်အစုံကို အောက်တွင်ဖတ်ရှုနိုင်ပါသည်။
ကွင်းဆင်းစုံစမ်းစစ်ဆေးခြင်း
===================
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်နှင့် ဒေါက်တာမြင့်ကြည်တို့ ဦးဆောင်သော ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၂၇-၅-၂၀၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ရောက်ရှိပါသည်။
၂၈-၅-၂၀၁၉ ရက်နေ့တွင် ၂၀၁၉ ခုနှစ်၊ မေလဆန်းပိုင်းက ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲအချုပ်ခန်းတွင် ထိန်းသိမ်းထားရှိသော ကျောက်တန်းရွာသား ၈ ဦးကို ပြည်နယ်ရဲရိပ်သာတွင် တွေ့ဆုံပြီး ဖြစ်စဉ်အခြေအနေများကို မေးမြန်းပါသည်။
၂၉-၅-၂၀၁၉ ရက်နေ့တွင် စစ်တွေမြို့မှတစ်ဆင့် ကျောက်တန်းကျေးရွာသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်နှင့် ဦးတင်မောင်ဝင်းတို့ လိုက်ပါကွင်းဆင်းပြီး ဒေသခံရွာသူ၊ ရွာသားများနှင့်တွေ့ဆုံ၍ ဖြစ်စဉ်အခြေအနေ မေးမြန်းစုံစမ်းခဲ့ပါသည်။
ထို့နောက် ဖြစ်စဉ် ဖြစ်ပွားသည့် မြေပြင်အခြေအနေကို ကွင်းဆင်းစစ်ဆေးပြီးနောက် ရသေ့တောင်မြို့သို့ ပြန်လည်ထွက်ခွာခဲ့ပြီး ရသေ့တောင်မြို့၊ ရွှေကျင်ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသော ရေစိုးချောင်းကျေးရွာမှ ခေတ္တတိမ်းရှောင်လာသူ ဒေသခံများကို တွေ့ဆုံခဲ့ပါသည်။ ဆက်လက်၍ ရသေ့တောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရိပ်သာတွင် ကျောက်တန်းရွာသူ၊ ရွာသားများကို ခေါ်ယူတွေ့ဆုံ၍ ဖြစ်စဉ်အခြေအနေများကို မေးမြန်းမှတ်တမ်းတင်ပါသည်။ ၃၀-၅-၂၀၁၉ ရက်နေ့တွင် ဖြစ်စဉ်ဖြစ်ပွားစဉ်က ကျောက်တန်းကျေးရွာတွင် တာဝန်ထမ်းဆောင်ခဲ့သော တပ်ရင်းမှ တပ်ရင်းမှူးနှင့် အရာရှိစစ်သည် ၈ ဦး တို့ကိုလည်းကောင်း ဖြစ်စဉ်တွင် သေဆုံးသွားခဲ့သော ရွာသားများ၏ မိသားစုဝင် ၁၁ ဦးတို့ကို လည်းကောင်း တွေ့ဆုံ၍ ဖြစ်စဉ်အခြေအနေများကို မေးမြန်းခဲ့ပါသည်။
ကော်မရှင် ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့သည် တွေ့ရှိချက်များအပေါ် အခြေခံပြီး သုံးသပ်ချက် အကြံပြုချက်များကို သက်ဆိုင်ရာသို့ ဆက်လက်ပေးပို့သွားမည်ဖြစ်ပါသည်။







