ပြည်နယ်အတွင်း အင်အားကြီး ပါတီဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP)မှ မာန်အောင် မြို့နယ်က ပါတီ ဗဟိုကော်မတီဝင်တစ်ဦးကို ထုတ်ပယ်လိုက်ပြီးနောက် ကျန် မြို့နယ်အမှုဆောင်အဖွဲ့နှင့် ပါတီဝင်များလည်း ပါတီက အပြီးအပိုင် နုတ်ထွက်ကြောင်း မေလ ၂၉ ရက်နေ့တွင် စာတင်လိုက်ကြသည်။
ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် မာန်အောင်မြို့နယ်၊အလုပ်အမှုဆောင်အဖွဲ့နှင့် ပါတီဝင်များ၏ အမျိုးသား ရေးအတွက် အနစ်နာခံကြိုးပမ်းလုပ်ဆောင်မှုများကို အသိအမှတ်မပြုခြင်း၊လေးစားတန်ဖိုးထားမှုမရှိခြင်း၊ မြို့ နယ် ပါတီဝင်များ၏ ဆန္ဒသဘောထားကို လျစ်လျူရှုခြင်း၊အလေးမထားခြင်း၊အသိအမှတ်မပြုခြင်းတို့ကြောင့် နုတ်ထွက်ရခြင်းဖြစ်ကြောင်း နုတ်ထွက်စာတွင် ရေးသားထားသည်။
ထို့အပြင် မာန်အောင်မြို့နယ် ပါတီညီလာခံမှ ရွေးချယ်တင်မြှောက်ထားသည့် ဦးသန်းနိုင်အား ထုတ်ပယ်ရာတွင် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ကို အသိပေးခြင်း၊ဆွေးနွေးတိုင်ပင်ခြင်း မရှိခြင်း၊ ပါတီဖွ့ဲစည်းပုံ စည်းမျဉ်း စည်းကမ်း လုပ်ထုံးလုပ်နည်းနှင့် အညီမဟုတ်ပဲ ဗဟိုဦးစီးစနစ်ဖြင့် အာဏာရှင်ဆန်စွာ ပါတီမှထုတ်ပယ် ခြင်းတို့ကြောင့် နုတ်ထွက်ရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ရခိုင်အမျိုးသားပါတီ (ANP) မှ ညီလာခံကျင်းပခါ နီးအချိန်တွင် ထုတ်ပယ်လိုက်သောကြောင့် ပါတီဝင်များ ယခု ကဲ့သို့ နုတ်ထွက်ရခြင်းဖြစ်နိုင်သည်ဟု ထုတ်ပယ်ခံရသူ ဦးသန်းနိုင်က DMG ကို သုံးသပ်ပြောဆိုသည်။
“ မြို့နယ်မှာရှိတဲ့ ပါတီဝင်တွေကလည်း မကျေနပ်ဘူးနော်။ ဒါက အင်မတန်ခံစားရတယ်။ မတော် မတရားလုပ်တယ်လို့ ခံစားရတဲ့အတွက် အခုလို အစည်းအဝေး တစ်ရပ်ခေါ်ပြီး မြို့နယ်မှာ ရှိတဲ့ ပါတီဝင်တွေအားလုံး နုတ်ထွက်တဲ့ဟာကို ဥက္ကဌကိုယ်တိုင် တံဆိပ်ရိုက် လက်မှတ်ထိုးပြီး ကျနော်တို့ ဗဟိုကိုလည်း ပို့သွားပါမယ်။ ဒီဟာသည် ပါတီအတွင်းမှာ အာဏာရှင်ဆန်စွာ လုပ်ခြင်းရဲ့ တန်ပြန် အကျိုးသက်ရောက်မှုလို့ပဲ ပြောချင်ပါတယ်” ၎င်းက ပြောသည်။
အဆိုပါ နှုတ်ထွက်သူများကို ပါတီတွင် ပြန်လည်တာဝန်ထမ်းဆောင်ရန်အတွက် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ပါတီထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သည့် ဦးအောင်ဝင်းက ပြောသည်။
မာန်အောင်မြို့နယ်တွင် ၂၀၁၅ ခုနှစ်၊အထွေထွေရွေးကောက်ပွဲတွင် ANP ပါတီဥက္ကဌ ဒေါက်တာအေးမောင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့ဖူးသည်။
ရခိုင်အမျိုးသားပါတီမှ ပါတီဥက္ကဌဖြစ်သူ ဒေါက်တာအေးမောင်နှင့်ဒေါ်ထုမေ၊ဦးကျော်ဇောဦး စသည့် ပါတီဝင် တစ်ချို့တို့လည်း နုတ်ထွက်စာတင်ထားပြီး မေလ ၃၀ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပမည့် ပါတီ ဗဟိုညီလာ ခံတွင် ယင်းနုတ်ထွက်စာကိစ္စများကို ဆုံးဖြတ်ကြမည်ဟု ပါတီထိပ်ပိုင်းခေါင်းဆောင်များက ပြောကြားထားသည်။







