ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ရခိုင်ပဋိပက္ခဖြစ်စဉ်တွင် အင်းဒင်ကျေးရွာမှ မွတ်ဆလင် ၁၀ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ပြစ်ဒဏ်ကျခံရသော တပ်မတော်သားများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များမှာ ပြန်လည် လွတ်မြောက်ကြပြီဖြစ်သော်လည်း အင်းဒင်ကျေးရွာမှ ဒေသခံ ကျောင်းဆရာတစ်ဦးမှာ လွတ်မြောက်မှု မရှိသေးကြောင်း မိသားစုဝင်များကပြောသည်။
ပြစ်ဒဏ်ကျခံရသူမှာ ကိုထွန်းအေးဆိုသူဖြစ်ပြီး မွတ်ဆလင် ၁၀ ဦးသတ်ဖြတ်ခံရမှုတွင် ပူးပေါင်းပါဝင်မှုဖြင့် ထောင်ဒဏ် ၅ နှစ်ကျခံစေရန် မောင်တောခရိုင်တရားရုံးမှ အမိန့်ချမှတ်လိုက်ခြင်းဖြစ်ပြီး တပ်မတော်သား အရာရှိ ၃ ဦးနှင့် တစ်ခြားအဆင့် ၄ ဦးတို့ကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
" လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးသံကြားတိုင်း သူပါလာမလားလို့ အမြဲတမ်း မျှော်နေရတာပါ။ အခု သုံးကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးပါပြီ၊ ကျွန်မသားလေး ပါမလာဘူး။ အမေတစ်ယောက်ရင်ထဲမှာ ဘယ်လိုခံစား နေရမလဲ။ ကျွန်မသားဆီက ဘာသက်သေပစ္စည်းမှ ရတာမရှိပါဘူး။ အိမ်က ပေါက်တူး ၃ လက် ရှာယူ သွားတယ်။ ပေါက်တူး ၃ လက်နဲ့ ထောင်ဒဏ် ၅ နှစ်ချလိုက်တယ် ” ဟု ကိုအေးထွန်း၏ မိခင် ဒေါ်ယိုင်နုဖြူက ပြောသည်။
ကိုအေးထွန်းကို မောင်တောခရိုင်တရားရုံး၌ ရာဇသတ်ကြီးပုဒ်မ ၃၀၂(၂) /၃၄ တရားစွဲဆိုခဲ့ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့သည်။
အင်းဒင်ကျေးရွာ လူသတ်မှုဖြစ်စဉ်အတွင်းပါဝင်သော တပ်မတော်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များမှာ လွတ်မြောက်လာပြီဖြစ်သလို အင်းဒင်ဖြစ်စဉ်ကို ဖေါ်ထုတ်ရေးသားခဲ့သော ရိုက်တာ သတင်းထောက် များမှာလည်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ကြပြီ ဖြစ်သည့်အတွက် မိမိ၏ လင်ဖြစ်သူကိုလည်း ပြန်လွှတ်ပေးစေလိုကြောင်း ကိုအေးထွန်း၏ ဇနီးဖြစ်သူက ပြောသည်။
“အစိုးရသက်သေ ၁၂ ဦးကို တရားရုံးမှာ စစ်ဆေးရာမှာလည်း သက်သေပြနိုင်တာမရှိခဲ့ပါဘူး။ အိမ်ကိုလာပြီး ဌာနဆိုင်ရာတွေရော CID ကပါ စစ်ဆေးရှာဖွေခဲ့ကြတာပါ။ သက်သေခံပစ္စည်း ဘာမှမရခဲ့ပါဘူး။ အခုက သတ်တဲ့သူတွေ လူသတ်မှုကို ဖော်ထုတ်တဲ့ သတင်းထောက်တွေ၊ အမှုနဲ့ ပါဝင်ပတ်သတ်သူတွေအားလုံး လွတ် သွားပြီ။ ကျွန်မယောကျ်ားတစ်ဦးတည်း ဓါးစာခံအဖြစ် အပြစ်ပုံချထားသလို သက်ရောက်နေပါတယ်။ ဒါ့ကြောင့် အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်”ဟု ဇနီးဖြစ်သူ မခင်စန်းမြင့်ကပြောသည်။
ထောင်ဒဏ်ချမှတ်ခံထားရသူ ကိုအေးထွန်းမှာ ကျောင်းဆရာတစ်ဦးဖြစ်ပြီး ပြစ်ဒဏ်ကျခံနေရသည့်အတွက် သူ့ကို အလုပ်တာဝန်မှ ဖြုတ်လိုက်ပြီဖြစ်သည့်အတွက် မိသားစုစားဝတ်နေရေးနှင့် ကလေးများ၏ ပညာရေး အတွက်ပါ အခက်အခဲများစွာရှိနေကြောင်းလည်း မခင်စန်းမြင့်ကဆိုသည်။
ကိုအေးထွန်း ပြစ်ဒဏ်ချခံထားရမှုနှင့်ပတ်သက်ပြီး ပြည်နယ်အဆင့်တွင် အယူခံတင်ခဲ့သော်လည်း ပလပ်ခံရပြီး ယခင်ချမှတ်ထားသည့်ပြစ်ဒဏ်အတိုင်း ချမှတ်ခဲ့သည်ဟု ၎င်း၏ရှေ့နေ ဦးခင်ဝင်းကပြောသည်။
“ကိုထွန်းအေးကိုတော့ လူသတ်မူမှာ ပူးပေါင်းပါဝင်အားပေးကူညီမှုနဲ့ ထောင်ဒဏ် ၅ နှစ်ချတာပါ။ အဲဒီက လူသတ်တရားခံတွေဖြစ်တဲ့ နယ်ခြားစောင့်နဲ့ တပ်မတော်က ၇ ဦးကိုလည်း လွှတ်လိုက်ပြီ။ အခု သူပဲ ကျန်နေတာ နောက် ပြည်နယ်မှာအယူခံဝင်ခဲ့တယ်။ ပလပ်ခံရပြီး ယခင်ချထားတဲ့ပြစ်ဒဏ်အတိုင်း ခံယူဖို့ချမှတ်ခဲ့တယ်” ဟု ဆိုသည်။







