မူးယစ်ဆေးစွဲကုသရေးနှင့် ပြန်လည်ထူထောင်ရေးစီမံချက်တွင် အားလုံးပူးပေါင်းပါဝင်စေလို

မူးယစ်ဆေးစွဲကုသရေးနှင့် ပြန်လည်ထူထောင်ရေးစီမံချက်တွင် အားလုံးပူးပေါင်းပါဝင်စေလို

မွန်ပြည်သစ်ပါတီ (NMSP) ဦးဆောင်သော မူးယစ်ဆေးစွဲကုသရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစီမံချက်တွင် မွန်သံဃာတော်များ၊ လူမှုအဖွဲ့အစည်းများနှင့် လူထုများ စသည့်ကဏ္ဍအသီးသီးမှ အားလုံးပူးပေါင်းပါဝင်စေလိုကြောင်း မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းခေါင်းဆောင် မင်းအောင်ထူးက ပြောသည်။

ရေးမြို့နယ်၊ ဝယ်ဇင်ကျေးရွာအနီးရှိ ဒေဒဂွန်ဇွယ်၌ မူးယစ်ဆေးစွဲကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းတစ်ခု တည်ဆောက်အကောင်အထည်ဖော်လျက်ရှိရာ မွန်သံဃာတော်များ၊ မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသားညီညွတ်ရေးပါတီ၊ မွန်လူမှုအဖွဲ့အစည်း CSO များက ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့က အဆိုပါစခန်း၌ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ခြင်း ဖြစ်သည်။

“လောလောဆယ် စခန်းစတင်ဆောက်လုပ်နေတဲ့အချိန်မှာတော့ ပြဿနာမရှိသေးဘူး။ ဒါပေမယ့် ဒီနေရာဆောက်လုပ်ပြီးရင် ရှေ့ဆက်လုပ်ငန်းတွေဖြစ်တဲ့ အသိပညာ အတတ်ပညာတွေ သင်ကြားပေးဖို့၊ ဆေးဖြတ်ဖို့၊ နောက်ပြီး ထိန်းသိမ်းသွားဖို့ စတဲ့အလုပ်တွေ ရေရှည်တည့်တံ့သွားအောင် ကဏ္ဍအသီးသီးက အားလုံးပူးပေါင်းဝိုင်းဝန်ကူညီစေချင်တယ်”ဟု မင်းအောင်ထူးက ဆိုသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ပြန်လည်ထူထောင်ရေးတို့ကို အစိုးရတစ်ရပ်အနေဖြင့် ဦးဆောင်အကောင်အထည်ဖော်သင့်သည်ဆိုသော်လည်း မိမိတို့နယ်မြေအခြေအနေအရ မူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြားလာသည့်အတွက် အဆိုပါလုပ်ငန်းစီမံချက်ကို မိမိတို့လူထုအားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ ပြည်လည်ထူထောင်ရေးစခန်းတွင်တာဝန်ကျနေသူ မြို့နယ်ကော်မတီဝင် နိုင်လယိမွန်က “လောလောဆယ် ဘဏ္ဍာရေးမလုံလောက်လို့ အဆောက်အဦးတွေ ဆက်လက်တည်ဆောက်ဖို့က အခက်အခဲဖြစ်နေတယ်။ အကူအညီပေးနိုင်မယ်အလှူရှင်တွေ လိုအပ်နေတယ်”ဟု ပြောသည်။

ထို့ပြင် မူးယစ်ဆေးစွဲကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းအတွက် ပညာပေးကဏ္ဍများတွင် တိုးတက်သော မွန်လူငယ်အဖွဲ့အစည်း (MYPO)၊ မွန်လူငယ်ပညာပေးရေးအဖွဲ့ (MYEO)၊ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM စသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများနှင့် မူးယစ်ဆေးဝါးပညာပေးလုပ်ငန်းဆောင်ရွက်နေသော မွန်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယခုကျင်းပသည့်အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမှတ်ထားသည်။

အလားတူ မွန်ပြည်သစ်ပါတီ (NMSP) သထုံခရိုင်၊ မော်လမြိုင်ခရိုင် ဌာနချုပ်ရုံးတို့တွင်လည်း မိဘအုပ်ထိန်းသူများ လာရောက်အပ်နှံမှုဖြင့် မူးယစ်ဆေးစွဲပြတ်သည်အထိ စောင့်ရှောက်ကုသပေးလျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများကို မိဘအုပ်ထိန်းသူကိုယ်တိုင် မွန်ပြည်သစ်ပါတီသို့ လာရောက်အပ်နှံမှုများ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာကြောင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးသူများနှင့် သုံးစွဲသူများကိုလည်း ယခုနှစ်တွင် မွန်ပြည်သစ်ပါတီဖမ်းဆီးရမိသည့် အရေအတွက်ပိုမိုများပြားလာကြောင်း တွေ့ရှိရသည်။

Photo- မူးယစ်ဆေးစွဲကုသရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံချက်အစည်းအဝေး (NMSP)

 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...
May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...
May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...