စခန်းမှူးကားဖြင့်တိုက်မိ၍ လူတစ်ဦးသေဆုံးဟု မိသားစုပြောသော်လည်း စခန်းမှူးငြင်းဆို

စခန်းမှူးကားဖြင့်တိုက်မိ၍ လူတစ်ဦးသေဆုံးဟု မိသားစုပြောသော်လည်း စခန်းမှူးငြင်းဆို

တောင်ကုတ်မြို့တွင် ဧပြီလ ၂၃ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်က မြို့မစခန်းမှူး မောင်းနှင် လာသည့်ကားဖြင့်တိုက်မိ၍ လူတစ်ဦးသေဆုံးသွားခဲ့ကြောင်း သေဆုံးသူ၏ မိသားစုဝင်များက DMGကို ပြောသည်။

သေဆုံးသူ ဦးမိုးကြိုးထွန်းမှာ ဆိုင်ကယ်မောင်းနှင်လာစဉ် မှောက်လဲသွားခဲ့ရာမှ တောင်ကုတ်မြို့မစခန်းမှူး လှတင့်၏ ကားဖြင့် တက်နင်းမိ၍ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူ၏ မိသားစုကဆိုသည်။

၎င်းကိစ္စနှင့်ပတ်သက်ပြီး တောင်ကုတ်မြို့မရဲစခန်းမှ တာဝန်မှူး ထံတွင် ယနေ့ ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းက တိုင်ကြားထားကြောင်း သေဆုံးသူ ဦးမိုးကြိုးထွန်း၏ အစ်ကိုဖြစ်သူ ဦးထွန်းဝေက ပြောသည်။

အခင်းဖြစ်ပွားရာတွင် သေဆုံးခဲ့သည့် ဦးမိုးကြိုးထွန်း၏ရုပ်အလောင်းကို မိသားစုဝင်များမရောက်ရှိမီ ရင်ခွဲရုံသို့ပို့ဆောင်ခဲ့သည့်အတွက်လည်း မိသားစုဝင်များဘက်က မကျေမနပ်ဖြစ်နေကြသည်။

“ကျနော်တို့မကျေနပ်တာက သူတို့က လူနာမိသားစုဝင်တွေ တစ်ယောက်မှ မရောက်သေးဘဲ အလောင်းကို ပြောင်းရွှေ့တာတွေ လုပ်တယ်။ ဒါကမဖြစ်သင့်ပါဘူး။ စခန်းမှူးကိုယ်တိုင်က လက်ရာခြေရာတွေဖျောက်၊ အဲလိုလုပ်ထားတယ် ” ဟု ဦးထွန်းဝေကပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး တောင်ကုတ်မြို့မစခန်းမှူး ဦးလှတင့်အား DMG မှ ဆက်သွယ်မေးမြန်းရာတွင် ၎င်း၏ကားဖြင့်တိုက်မိခြင်းမဟုတ်ဘဲ သေဆုံးသွားသူမှာ ဆိုင်ကယ်အရှိန်မထိန်းနိုင်ဘဲ မှောက်လဲသွားရာမှ ကားအနီးသို့ရောက်ရှိလာခြင်းဖြစ်ကြောင်း ဆိုသည်။

“ဆိုင်ကယ်က သူဟာသူအရှိန်ပြင်းပြီးတော့ မောင်းလာတာ။ ဆိုင်ကယ်သမားက ချော်လဲပြီးတော့ ကျနော့်ကားအနီးကို ရောက်လာတာပါ ” ဟု တောင်ကုတ်မြိုကမစခန်းမှူး ဦးလှတင့်ကပြောသည်။

အဆိုပါဖြစ်စဉ်အတွင်း စခန်းမှူးကားဖြင့်တိုက်၍ သေဆုံးသည်ဟု လူမှုကွန်ယက်ပေါ်တင်ခဲ့သူအားလည်း ဖျက်ပေးရန် ပြောဆိုထားကြောင်းလည်း ၎င်းကပြောသည်။

“ကျနော်က တိုက်တယ်ဆိုပြီးတော့ Facebook ပေါ်မှာ ရေးထားတာကြောင့် ကျနော်က ဖျက်ပေါ့၊ မဖျက်ရင် ၆၆(ဃ)နဲ့ တရားစွဲမယ်ပြောလိုက်တယ်။ ဒါက မဟုတ်တာကြောင့် ကျနော်က လက်မခံဘူးလေ။ ကျနော် ရောက်သွားတဲ့အချိန်မှာ အဲလိုဖြစ်သွားတော့ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ပေါ့ဗျာ အဲလိုဖြစ်သွားတာပါ။” ဟု စခန်းမှူး ဦးလှတင့်က ပြောသည်။

သေဆုံးသူ ဦးမိုးကြိုးထွန်း၏ ရုပ်အလောင်းအား ဧပြီလ ၂၅ ရက်နေ့တွင် သဂြိုဟ်သွားမည်ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...