ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့က ရခိုင်အမျိုးသားပါတီ ANP ဥက္ကဌနေရာမှ နှုတ်ထွက်ခွင့်ပြုရန် ပါတီဥက္ကဌ ဒေါက်တာအေးမောင်က တင်ပြခဲ့သည်။
ယင်းနှုတ်ထွက်စာနှင့်ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ အနေဖြင့် ယခုမေလ အတွင်းကျင်းပမည့် ပါတီညီလာခံမှသာ နှုတ်ထွက်ခွင့်ပြု၊မပြုကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်ကပြောသည်။
"ကျနော်တို့မှာ မကြာခင် ပါတီညီလာခံ လုပ်ဖို့ရှိတယ်။ ပါတီညီလာခံကနေပြီးတော့ ညီလာခံကိုတက်လာ တဲ့ ပါတီဝင်တွေက ဆုံးဖြတ်မှာဖြစ်တယ် ’’ ဟု ဦးထွန်းအောင်ကျော် ကပြောသည်။
ဒေါက်တာအေးမောင်မှာ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု တို့ဖြင့် တရားစွဲဆိုခံရပြီး နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု တို့ဖြင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရကာ လက်ရှိအချိန်တွင် အင်းစိန် အကျဉ်းထောင်၌ ထောင်ဒဏ်ကျခံနေရခြင်းလည်းဖြစ်သည်။
ယင်းအပြင် ဒေါက်တာအေးမောင်မှာ မိမိ၏ ကျောထောက်နောက်ခံဖြင့် ရခိုင်ဦးဆောင်ပါတီကို တည်ထောင်ထားခြင်း ဖြစ်ကြောင်းလည်း မီဒီယာများကို ပြောဆိုထားသည်။







