ပေါက်တောမြို့နယ် ၊ တန်းမျက်ချောင်းကျေးရွာအနီး ချောင်းဝတွင် ယနေ့ နံနက်ပိုင်းက ငပီတက်ကျေးရွာမှ အမျိုးသမီးတစ်ဦး သေဆုံးနေကြောင်း ငပီတက်ကျေးရွာ အုပ်ချုပ် ရေးမှူးထံမှသိရသည်။
သေဆုံးအမျိုးသမီးမှာ အသက် ၂၂ နှစ်အရွယ်၊ မအေးဝင်းနိုင်ဖြစ်ပြီး ဧပြီလ ၂၁ ရက်နေ့ ညနေပိုင်းကနေ နေအိမ်မှ ပျောက်ဆုံးနေခြင်းဖြစ်ကာ မနက်မိုးလင်းမှ တန်းမျက်ချောင်းကျေးရွာအနီး ချောင်းဝတွင် အလောင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။
“ဘာကြောင့် သေဆုံးသွားတာလဲဆိုရင်တော့ လူလုပ်ကြံတာပဲဖြစ်နိုင်တယ်။သူ့မှာက ပစ္စည်းလက်ဝက်ရတနာ တွေ ဝတ်လို့ပါသွားတယ်။ပစ္စည်းလိုချင်လို့ လူကို သတ်သွားတာထင်တယ်။နဋောင်း၊ လက်စွပ်၊ပုတီး၊ လက် ကောက်တွေ ပါသွားတယ်။ နာရီတစ်လုံးသာ ကျန်ခဲ့တယ် ” ဟု ငပီတက်ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးထွန်းနိုင်က ပြောသည်။
အဆိုပါ အမျိုးသမီးသေဆုံးမှုနှင့်ပတ်သတ်ပြီး ပေါက်တောမြို့မ ရဲစခန်းကို ဆက်သွယ်မေးမြန်းရာတွင် လောလောဆယ်တော့ ဥပဒေဘောင်အတွင်းက တခုမှ မလုပ်ရသေးကြောင်း ပေါက်တောမြို့မ ရဲစခန်းကပြောသည်။
“ အဲဒီလိုတော့ ကြားပါတယ်။ သေဆုံးသူက ငပီတက်ကလို့ ကြားတယ်။ဒဏ်ရာ တွေပါလား ဘာတွေပါလား ဆိုတာကို ဆေးရုံကိုရောက်ပြီး ဆရာဝန်နဲ့ စမ်းသပ်တဲ့အခါမှ အခြေအနေကို ပြောနိုင်မယ်။ဘာကြောင့် သေဆုံးသွား တာလဲ ဆိုတာကို မသိရသေးဘူး” ဟု ပေါက်တောမြို့မ ရဲစခန်းမှ ပြောသည်။
သေဆုံးအလောင်းတွင် လည်ပင်း၌ ကြိုးဖြင့်ချည်ထားသလို အကြောင်းရာများပါပြီး ရွှေထည်လက်ဝတ်ရတနာများ၏ တန်ဖိုးမှာ ငွေကျပ်သိန်း ၂၀ ကျော်ခန့်မှာ ပျောက်ဆုံးသွားသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးကပြောသည်။
လက်ရှိအချိန်တွင် သေဆုံးသူ၏ အလောင်းကို တန်းမျက်ချောင်းကျေးရွာမှ ပေါက်တောမြို့ဆေးရုံသို့ ယူဆောင်နေကြောင်း သိရသည်။







