ကချင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းသား/သူများ၏ ပင်ကိုယ်စွမ်းရည် ပြိုင်ပွဲ ကျင်းပပြုလုပ်ရန်အတွက် ဆွေးနွေးပွဲတစ်ရပ်ကို မြစ်ကြီးနားမြို့ရှိ တက္ကသိုလ်ကျောင်းတွင် ဧပြီလ ၉ ရက်နေ့မှ စတင်ကာ ၂ ရက်တာ ဆွေးနွေးမူများကို ပြုလုပ်ခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲကို ကချင်ပြည်နယ်အတွင်းရှိသည့် တက္ကသိုလ်/ ကောလိပ်များမှ ကျောင်းသား/သူများက ဆွေးနွေးခဲ့ကြကြောင်း ကျောင်း သားသမဂ္ဂအသင်းမှ တာဝန်ရှိသူများထံမှ သိရသည်။
“ကျနော်တို့က တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ ကျောင်းသား/သူတွေရဲ့ ထွက်လာမယ့် ပင်ကိုယ်စွမ်းရည်ကိုပြသတဲ့ ပွဲလေးဖြစ်လာအောင် ဆွေးနွေးမူတွေ လုပ်တာပါ” ဟု ကျောင်းသားသမ္မဂအဖွဲ့ တာဝန်ခံ ကိုမင်းခန့် ကပြောသည်။
အဆိုပါ ပင်ကိုယ်စွမ်းရည်ပြပွဲကို လာမည့် သြဂုတ်လတွင် ကျင်းပမည်ဖြစ်ပြီး ယင်းပြပွဲတွင် နည်းပညာကျောင်းမှ ကျောင်းသား၊သူများ၏ နည်းပညာနှင့်ဆိုင်သည့် ပရောဂျတ်များ၊ စာပေဟောပြောပွဲ၊ စာပေစကားဝိုင်း၊ ပန်းချီပြပွဲ၊ ဖျော်ဖြေရေး အစီစဉ်များ ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းတွေ့ဆုံ ဆွေးနွေးပွဲတွင် ကချင်ပြည်နယ်အတွင်းရှိ ဗန်းမော်ခရိုင်၊ မိုးညှင်းခရိုင်၊ မြစ်ကြီးနားခရိုင်မှ ကျောင်းသား၊ သူ ၂၂ ဦးပါဝင်ဆွေးနွေး ခဲ့ကြသည်။
ကချင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ကောလိပ်မှ ကျောင်းသား၊သူများ ယခုတွေ့ဆုံမှုသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်းနှင့် ယခုလိုတွေ့ဆုံဆွေးနွေးမူများ ပြုလုပ်ခြင်းကြောင့် ကျောင်းသား၊ သူများအနေနှင့်ရလာမည့် အကျိုးကျေးဇူးနှင့်ပတ်သက်ပြီး ကျောင်းသားသမ္မဂ အဖွဲ့ဝင်တစ်ဦး ကခုလိုပြောသည်။
“ကျနော်တို့ ဒီလိုတွေ့ဆုံမူတွေကနေ ချစ်ခင်ရင်ရင်းနှီးတဲ့ တက္ကသိုလ်အသိုက်အဝန်းတစ်ခုဖြစ်လာမယ်။ ပြီးတော့ ကျောင်းသားတွေရဲ့ ပညာရေး၊ လူငယ်အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ဖလှယ်ခွင့်ရမယ်။ ပြဿနာတွေရှိခဲ့ရင်လည်း တစ်ကျောင်းနဲ့ တစ်ကျောင်း အချင်းချင်းကူညီနိုင်မယ်” ဟု ဆိုသည်။







